Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

Friday, October 21, 2016

ငြမ်း​ပေးတဲ့လမ်း




‘‘ဟဲ့… ကိုအောင်တင် ဆုံးပြီတဲ့”
‘‘ဟယ်… ဖြစ်မှဖြစ်ရလေ။ ဘာဖြစ်တာတဲ့လဲ”
‘‘အစာအိမ်သွေးကြောပေါက်တာကို အချိန်မီ မခွဲနိုင်လို့ဆိုလား”
‘‘ကလေးနှစ်ယောက်တော့ ဒုက္ခပါပဲဟယ်”
‘‘လိမ္မာတဲ့ ကလေးတွေကျတော့လည်း ကံဆိုးလိုက်တာနော်”

ကျူးကျော် ရပ်ကွက်တစ်ခုရဲ့ မီဒီယာ တစ်ခုလုံး ခေတ်အစားဆုံး သတင်း တစ်ပုဒ် ဖြစ်သွားတယ်။ ကိုအောင်တင် ဆိုတာ ဘာမှမကြီးကျယ် မခမ်းနားတဲ့ ဆိုက်ကားသမား တစ်ယောက်ပါ။ ဆိုက်ကားသမား တစ်ယောက်သေတာ ဒီလောက်ကြီး အုတ်အော်သောင်းတင်းဖြစ် ရတဲ့ အကြောင်းရင်း ရှိတယ်လေ။ အဓိကကတော့ သူ့ရဲ့ ကလေး နှစ်ယောက်ကြောင့်ပါ။ ကိုအောင် တင်တို့လင်မယား ဒီရပ်ကွက်ကို စရောက် လာတုန်းက လင် ကိုယ် မယားနှစ်ယောက်တည်း။ ဘယ် အရပ်ဘယ်ဒေသကမှန်း တိတိ ကျကျ ဘယ်သူမှမသိကြဘူး။ ထုံးစံ အတိုင်း နေစရာမရှိလို့လွတ်တဲ့ နေရာလေးမှာ တဲထိုးပြီး နေဖို့ ရောက်လာကြတာ။ ဒီရပ်ကွက်က လူတွေ အကုန်လုံးလည်း ဒီလိုချည်းပဲလေ။ နောက်တော့လည်း ချက် မြုပ်လို ဖြစ်သွားကြတဲ့သူတွေချည်း ပါပဲ။

မိန်းမက အငယ်ကောင်လေး ကို မွေးပြီး မီးတွင်းထဲ မှာတင် ဆုံးသွားတာ။ ကိုအောင်တင် ခမျာ နှစ်နှစ် သမီးလေး နဲ့ လသား အရွယ် သားလေး ကို ထိန်းရတာ တစ်ဖက်၊ ဆိုက်ကားနင်းရတာ တစ်ဖက်နဲ့ တော်တော်ကြီး ကို ကသီခဲ့တာကိုး။ ကိုအောင်တင်က ဖအေမို့ လို့ မွေး တယ်လို့ နာမည်တပ်ရပေမဲ့ တကယ်တမ်းကျတော့ ရပ်ကွက်က အိမ်ပေါက်စေ့ ဝိုင်းထိန်းတာ များ ပါတယ်။ ခုဆို အကြီးမလေးက (၇) တန်း၊ အငယ်ကောင်လေးက (၅) တန်းတောင် ရောက်နေပေါ့။

အဲဒီလို အချိန်ကျမှ ကိုအောင်တင်က ဆုံးတယ် ဆိုတော့ ကလေး နှစ်ယောက် ဒုက္ခရောက်ပြီပေါ့။ သာမန် ဆိုရင်တော့ လူတွေက စုတ်သပ် ရုံနဲ့ ပြီးသွားမှာပါ။ ခု ကလေးတွေက ရပ်ကွက်က ဝိုင်း မွေးထားလို့ သံယောဇဉ် ဖြစ်နေကြ တာကတစ်ဖက်၊ ကလေးတွေက ရုပ် ရည်လေးတွေ သန့်သလို ထူးထူးခြားခြားလိမ္မာပြီး အနေ အထိုင် သိမ်မွေ့ကြတာ တစ်ချက် ကြောင့် ဝိုင်းကရုဏာ သက်နေကြ တာလေ။
ခက်တာက ဘယ်လိုပဲ ကရုဏာ သက်သက် ခေါ်ပြီးမွေး ထားနိုင်လောက်အောင် ချောင်တဲ့ အိမ် တစ်အိမ်မှ မရှိဘူး။ ဒီရပ်ကွက် မှာ ကိုအောင်တင် တို့အိမ်က သား သမီး အနည်းဆုံးပဲ။ ဒီတော့ ကရုဏာ သက်ရုံလောက်ပဲ တတ် နိုင်ကြပေမပေါ့။

ကိုအောင်တင့် အသုဘကို ရပ်ကွက်က တာဝန်ယူပြီး သင်္ဂြိုဟ် လိုက်ကြတယ်။ ရက်လည်ပြီးတော့ ကလေးနှစ်ယောက် နဲ့အတူ ပဲပြုတ် သည် အပျိုကြီး မအေးဆင့်ကို ရပ်ကွက်အစီအစဉ်နဲ့ နေစေလိုက် တယ်။ ကလေးတွေက ကျောင်းမှာ အဆင့် တစ်၊ နှစ်၊ သုံးဝင်အောင် စာတော် ကြပေမဲ့ မတက်ကြရတော့ ဘူး။ ရပ်ကွက်ကလည်း သူတို့ဘာ သာသူတို့တောင် မနက်စာညစာ အလျဉ်မီအောင် မနည်း ရှာစားနေ ကြရတဲ့ သူတွေချည်း မဟုတ်လား။ သူတို့မောင်နှမ ကတော့ ဝမ်းရေး အတွက် ဟင်းသီးဟင်းရွက်လေး တွေ၊ ရာသီ စာလေးတွေ ဆန်ကော ထဲထည့်ပြီး လှည့်ရောင်းကြရတာပေါ့။ ဟိုအိမ်က ဟင်းလေးပေး၊ ဒီအိမ်က ထမင်းလေးပေးနဲ့ အဆင် ပြေသလိုပါပဲ။

ကလေးတွေရှေ့ရေးကို ဦးနှောက်ခြောက်နေသူ ကတော့ ရပ်ကွက်လူကြီး ဦးမောင်ခင်ပဲ။ သူက စဉ်းစား ချင့်ချိန်တတ်တဲ့သူ ဆိုတော့ ကလေးတွေဟာ ဒီလို အခြေအနေမျိုးနဲ့ ဘဝကို ရေရှည် ဖြတ်သန်းလို့မရဘူး ဆိုတာ သူ တွက်ချက်မိတယ်။ နောက်ပြီးတော့ ကလေးတွေက ရုပ်ရည်အသန့် လေးတွေ။ သူတို့ပညာတော်ပုံက အပံ့ အပိုးကောင်းလိုက်ရင် မြင့်မြင့် မားမားဘဝကို ပိုင်ဆိုင်နိုင်ကြမယ် ဆိုတာ ခန့်မှန်း မိတာကိုး။ ဒါပေမဲ့ သူကိုယ်တိုင် ကလည်း တောင်မင်း မြောက်မင်း မကယ်နိုင် အခြေအနေ ဆိုတော့ ကလေးတွေအနာဂတ် အတွက် ဘာလုပ်ပေးသင့်တယ် လို့ အမြဲစဉ်းစားနေမိတော့တာပဲ။

ဒါကြောင့် လိုလိုမည်မည်လို့ သဘောထားပြီး ကလေးတွေရဲ့ လိမ္မာတဲ့ သတင်းကို တွေ့သမျှ လူတိုင်းဆီမှာ ကြော်ငြာဝင်တဲ့ အလုပ်ကို မှန်မှန် လုပ်ခဲ့တယ်။ သူက ပလတ်စတစ် ဘူးခွံ၊ ဘီယာ ဘူးခွံ၊ စက္ကူအဟောင်း၊ သံတိုသံစ တွေကိုကောက်တဲ့ဒိုင် ဆိုတော့ ရပ်ကွက် တကာ လှည့်နေတဲ့ လူစုံ နဲ့ ဆက်ဆံနေရတော့ ပိုပျံ့နှံ့တာပေါ့။

‘‘ဦးမောင်ခင်…ဗျို့… ဦးမောင်ခင်”

တစ်ရက်မှာ ရပ်ကွက်ထဲက ရေစည်တွန်းတဲ့ ထော်ဦးက အူယားဖားယားနဲ့ ပြေးလာတယ်။

‘‘ကလေးနှစ်ယောက်ကို ဟိုဘက် ရပ်ကွက်ထဲက ပဲကျော်ဖို ပိုင်ရှင်က မွေးစားချင်လို့တဲ့ဗျ”

ဦးမောင်ခင် ရင်ထဲမှာ ထိတ် ခနဲဝမ်းသာ သွားတယ်။ ကလေးတွေ အကြောင်း သူများတွေကို ဖြန့်ဝေ ခဲ့တာ ဒီလိုဖြစ်လာဖို့ တိုက်ရိုက်ကြီး မရည်ရွယ်ပေမဲ့ တစ်မတ်သားဖိုး လောက်တော့ မျှော်လင့်ပြီး လုပ်ခဲ့ တာမဟုတ်လား။

‘‘ဟေ…ဟုတ်လား၊ ဘယ် လိုပြောလို့လဲ၊ သေသေချာချာ ပြောစမ်းပါဦးကွ”

ဦးမောင်ခင် ပျာပျာသလဲ စိတ်ဝင်စားပုံပြတော့ ထော်ဦး လည်း ပြောအားရှိပြီပေါ့။

‘‘သူတို့လင်မယားက အရာ ရာပြည့်စုံနေပေမဲ့ ကလေးမရနိုင် ဘူးတဲ့ဗျ။ ကလေး ရူးရူးနေတာကို ကျုပ်က သိတော့ ရေသွားထည့် တိုင်း ကလေးတွေ တော်ကြောင်း၊ သနားစရာ ကောင်းကြောင်းကို နေ့တိုင်းပြောတာဗျ။ သူတို့က မွေးစားဖို့တော့ အစီအစဉ် ရှိတယ်။ ဒါပေမဲ့ မျိုးရိုး မသန့်မှာလည်း စိုးရိမ်ပုံရတယ်ဗျ။ ဒီကလေးတွေ ကျတော့ အဖေအမေက ဆင်းရဲ ပေမဲ့ နာမည်ပျက်မရှိတော့ နည်း နည်းစိတ်ပါ ပုံရတယ်။ ကျုပ်က လည်း ကလေးတွေရဲ့ ဇာတ်နာပုံ တွေကို စီကာပတ်ကုံးပြောပြတော့ စိတ်ပါ သွားပုံရတယ်ဗျ။ ဒါပေမဲ့ နှစ်ယောက် စလုံးတော့ မွေးချင်စိတ် မရှိဘူးတဲ့။ ခွဲခေါ်ရင် ကောင်းပါ့ မလားလို့ ပြောတယ်ဗျ။ ကျုပ်က လည်း ကလေးနှစ်ယောက် စလုံး ဆင်းရဲနေ တာနဲ့စာရင် တစ်ယောက် ကောင်းစားသွားလည်း မနည်းဘူး ဆိုပြီး ရတယ်လို့ပြောခဲ့တယ်”

‘‘အေး…ကောင်းတယ် ထော်ဦး။ အဲဒီတော့ သူတို့က ဘာပြောလဲ”

ဦးမောင်ခင်က တံတွေး အတင်း မျိုချပြီး အငမ်းမရ မေးပါ လေရော။ ထော်ဦးက

‘‘ခင်ဗျားနဲ့လာတွေ့ပြီး ကလေးတွေကို ကြည့်ဦးမယ်တဲ့ဗျ”

ဦးမောင်ခင်က သူ့ပေါင်ကို သူ လက်ဝါးနဲ့ဖြောင်းခနဲနေအောင် ရိုက်ပြီး ပြုံးပြုံးကြီးတွေးနေလိုက် တာ။ ထော်ဦးက ပြန်တော့မယ်  လို့ နှုတ်ဆက်တာတောင် ပြန်မပြော နိုင်ဘူး။

ကလေးနှစ်ယောက်ကို ပဲကြော်ဖိုက သူဌေးလင်မယားက မွေးစားတော့မယ်ဆိုတဲ့အကြောင်း ဟာ ရပ်ကွက်ထဲမှာ ပျံ့သွားတယ်။ ဦးမောင်ခင် လည်း သတင်းမေးသူ တွေကို ပြန်ကြားရေးလုပ်နေရတာ နားကို မနားရဘူး။ ကလေးနှစ် ယောက်ကို ဦးမောင်ငယ် က ခေါ် ပြော တယ်။

‘‘သူတို့က တစ်ယောက်ပဲ မွေးစားချင်တာတဲ့ကွ။ ကံကောင်း တဲ့သူ ပါသွားမှာပဲ။ ဘယ်လိုလဲ။ မင်းတို့ မောင်နှမနှစ်ယောက်ကရော ခွဲနိုင်ပါ့မလား”

ကြိုတင်မေးထားမှ ဖြစ်မှာလေ။ ပဲကြော်ဖို သူဌေးလင်မယား လာရင် သူက ယာယီ အုပ်ထိန်းသူ အနေနဲ့ တရားဝင်အောင် လုပ်ပေး ရမှာကိုး။ ကလေးတွေရဲ့သဘော ထားကို အရင်သိထားမှဖြစ်မှာ မဟုတ်လား။ တော်ကြာ အားလုံး ပြောဆိုပြီးမှ မလိုက်ချင်ပါဘူးဆို ခက်ဦးမယ်။

ဦးမောင်ခင် အဲဒီလိုပြော လိုက်တယ် ဆိုရင်ပဲ မောင်နှမနှစ် ယောက်က မျက်လုံးလေး ကလယ် ကလယ်နဲ့ တိုင်ပင်သလို အပြန် အလှန် ကြည့်နေကြတာ ဘာစကား မှ ထွက်မလားဘူး။ တော်တော် ကြာတော့မှ အစ်မလုပ်တဲ့သူက

‘‘နှစ်ယောက်စလုံး ခေါ်ပါလို့ ပြောလို့မရဘူးလား ဦးလေးရယ်” ဆိုပြီး တောင်းပန်တဲ့ အသံမျိုးလေး နဲ့ ပြောတယ်။ ဦးမောင်ခင်က

‘‘အဲဒီလိုတော့ ပြောမှာပေါ့ အေ။ ဒါပေမဲ့ တစ်ယောက်ပဲ ခေါ် သွားချင်တယ် လို့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ ဆိုတာ ကြိုတင် စဉ်းစား ထားရမှာလေ။ မခွဲချင်ဘူး ဆိုရင်တော့ အစကတည်းက အပြတ်ပြော ထားရမှာပေါ့။ ဒါပေမဲ့ သမီးတို့ကို ဦးလေးပြောချင်တာက ရပ်ကွက်ချင်းလည်း သိပ်ဝေးတာ မဟုတ်ဘူး။ ဘယ်သူ့ကိုပဲ ခေါ်သွားခေါ်သွား လိုက်သွားသင့် တယ်လို့ ထင်တယ်။ နှစ်ယောက် စလုံးက ပညာတော်ကြတော့ ကျောင်း ဆက်တက်ရင် ထူးထူးချွန် ချွန်ဖြစ်မှာ သေချာတယ်ကွဲ့။ သမီး ကလည်း အရွယ်ရောက် လာပြီ ဆို တော့ အုပ်ထိန်းသူ မရှိဘဲ အလွတ် အကျွတ်ကြီးနေလို့ မကောင်းတော့ ဘူးလေ။ တစ်ယောက်ကောင်းစား ရင် တစ်ယောက်ကို ကြည့် လို့ရ တာပေါ့အေ”

ဦးမောင်ခင် စကားက ငြင်း လို့မရပေမဲ့ မောင်နှမနှစ်ယောက် စလုံးကို တွေဝေစေခဲ့တာ အမှန်ပဲ။ သူတို့ ဦးနှောက်လေးတွေ နဲ့ မတွေး တတ်တော့တဲ့ အချိန်မှာ ဖြစ်လာ သမျှ လျောက်လျားပဲ လို့ သဘော ထားပြီး ဘာမှမစဉ်းစားတော့ ဘူး။

နောက်သုံးရက်လောက်နေ တော့ သူဌေးလင်မယားရောက် လာပြီး ဦးမောင်ခင်နဲ့တွေ့တယ်။ ကလေးတွေနဲ့ တွေ့မပေးခင် ဦးမောင်ခင် က ကလေးတွေ အခြေ အနေကို ပြောပြပြီး နှစ်ယောက် စလုံးကို မွေးစားဖို့ တွန်းတိုက် ပြောတာပဲ။ သူဌေးလင်မယား က လည်း မြေစမ်း ခရမ်းပျိုး ရမှာဆိုတော့ နှစ်ယောက်ကြီး မမွေးချင်ဘူး။ ဘယ်လိုမှ ပြောလို့ မရတော့ သူတို့ ထိုက်နဲ့ သူတို့ကံ ဆိုပြီး ကလေးနှစ် ယောက် နဲ့ ခေါ်တွေ့ပေးလိုက် တယ်။

ကလေးတွေကို မြင်လိုက်တာ နဲ့ သူဌေး လင်မယားရဲ့ မျက်နှာဟာ မေတ္တာဓာတ်တွေနဲ့ ဝင်းလက် သွားလိုက်တာ။ ဘေးက အကဲ ခတ် နေတဲ့ ဦးမောင်ခင်တောင် အဆင် ပြေပြီ ဆိုတာ တန်းသိလိုက်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုရွေးမယ် ဆိုတာ က ပဟေဠိပဲ။ ဦးမောင် ခင် ရင်ထဲမှာ ဘုရားစာတွေ ကျိတ်ရွတ်ပြီး နှစ်ယောက်စလုံးကို ခေါ်သွားပါစေ လို့ ဆုတောင်းလိုက်ရတာ။ သတင်း ကြားလို့ လာရပ် ကြည့်သူတွေက လည်း တစ်ရပ်ကွက်လုံးနီးပါးပဲ။

အဲဒီအချိန်မှာပဲ သူဌေး ကတော်က

‘‘သားတို့ သမီးတို့က အန်တီတို့အိမ် မှာရော နေချင်ကြရဲ့လားဟင်” လို့ ချိုရွှင်နေတဲ့ အပြုံးမျက်နှာနဲ့ မေးလိုက်တယ်။ ဒီလိုမေး မယ် ဆိုတာ ဦးမောင်ခင် သိပြီးသားလေ။ ဒါကြောင့် ကလေးတွေကို ကြိုသင်ပြီးသား။ အကြီးမလေးက

‘‘ဟုတ်ကဲ့ နေချင်ပါတယ်ရှင့်။ အိမ်အလုပ်တွေကိုလည်း ကူလုပ် ပါ့မယ်။ လိမ်လိမ်မာမာနဲ့ စကား နားထောင်ပြီး စာလည်း ကြိုးစား ပါ့မယ်ရှင့်”

ပြီးပြီပေါ့။ ဦးခင်မောင်သင် ထားတဲ့အတိုင်း ကွက်တိပဲ။ သူဌေး လင်မယားဆိုတာ ကလေးမလေး ကိုဆွဲဖက်ပြီး နမ်းတော့မယ့်အတိုင်း ပီတိတွေ ဝေသွားလိုက်ကြတာ။ ပြီးတော့ ကောင်လေးကို ဆက်မေး တယ်။

‘‘သားကရော…ပြောပါဦး”
ဦးမောင်ခင် ရင်တွေတဒိန်း ဒိန်းခုန်လာတယ်။ သူဌေးကတော် မေးနေပုံက တစ်ယောက်ရွေးမယ့် ပုံစံနဲ့မှ မတူတော့တာ ကိုး။ နှစ်ယောက် စလုံးကို သွေးသက်ပြီး ခေါ်သွားရင် ဘယ်လောက်ကောင်း မလဲလို့ တွေးလိုက်မိတယ်။ အဲဒီ အချိန်မှာ ပဲ ကောင်လေး ဆီက ဘောက်ဆတ်ဆတ်ဖြေသံ ထွက် လာတယ်။

‘‘ကျွန်တော်ကတော့ မနေချင်ဘူး။ ကျောင်းလည်း မတက်ချင်ဘူး။ ကိုယ့်ဘာသာကိုယ် ဈေးပဲရောင်း ချင်တယ်”

ဦးမောင်ခင်ခေါင်းကို မိုးကြိုး ပစ်လိုက်သလိုပဲ။ သင်ထားတုန်းက ဒီလိုမှမဟုတ်တာကိုး။ ဒီကလေး ဘာဖြစ်လို့ ဒီလိုပြောလိုက်တာလဲ။ အကြီးမလေးကလည်း ထင်မထား တာဆိုတော့ ပါးစပ်အဟောင်းသား ပေါ့။

နောက်ဆုံး ရလဒ်ကတော့ ဘာဖြစ် ရဦးမှာလဲ။ သူဌေးလင် မယားက ကလေးမလေးကို သမီး အဖြစ် မွေးစားဖို့ ခေါ်သွားတယ် ဆိုပါတော့။ ဦးမောင်ခင်လေ .. ဒေါသဖြစ်လွန်းလို့ ကောင်လေးကို ရိုက်မိမလိုတောင် ဖြစ်သေးတယ်။ ရပ်ကွက်ထဲက လူတွေအကုန်လုံး လည်း ကောင်လေးကို တစ်ယောက် တစ်ပေါက်ဝိုင်းပြီး ဆူလိုက်ကြ၊ ငေါက်လိုက် ကြတာ ပွက်ပွက်ကို ညံလို့။ ကောင်လေး ကတော့ အလယ်ကောင်မှာ ခေါင်းငိုက်စိုက် လေးချပြီး မျက်ရည်တွေ တွေတွေ ကျလို့ပေါ့။

ကရုဏာဒေါသောနဲ့ ဝိုင်း ပြောကြတဲ့ လက်ပံပင်ဆက်ရက် ကျသလို အသံတွေ များလွန်းလာ တော့ ကောင်လေးက တစ်ခွန်း တည်း ထပြော လိုက်တာ ပါးစပ် အဟောင်းသားနဲ့ အကုန်တိတ် ဆိတ်သွားတော့တာပဲ။ ကောင် လေးငိုသံပါကြီးနဲ့ ပြောလိုက်တာက
‘‘သူတို့က ကျွန်တော့်ကိုပဲ ခေါ်ချင်တယ်ဆို မမတစ်ယောက် တည်း ကျန်နေခဲ့မှာပေါ့ဗျ” တဲ့။

သက်ဦးမောင်

ရတီမဂ္ဂဇင်း ရသဝတ္ထုတို
http://yatimagazine.com/archives/19008



Tuesday, January 12, 2016

သက်မဲ့မြစ်


လေအေးတွေပဲ တိုက်နေတယ်။ လေထုထဲမှာ စီးမျောပါလာ တတ်တဲ့ ‘ရနံ့’ တွေနဲ့ဆိုတော့ သာယာလိုက်တာ။ ယူကလစ်ပင် ကြီးတွေဆီက ယူကလစ်နံ့၊ အိမ် အဝင်ဝမှာရှိတဲ့ လိမ္မော်ပင်က ပွင့် နေပြန်တော့ မွှေးပျံ့တဲ့ရနံ့တွေ၊ သန့်ရှင်းလတ်ဆတ်တဲ့ လေပြည်ထဲ မှာ ကြည်နူးလန်းဆန်းစေတဲ့မြို့ပါ။ ရောက်ဖူးခဲ့တဲ့မြို့ရွာတွေမှာ သူ့သဘာဝနဲ့သူ လှတာချည့်ပဲ။ သာယာတာချည့်ပါပဲ။ ဟိုးတုန်းက နွေရာသီကျောင်းပိတ်ရက်မှာ ပုဂံ ကို ဘုရားဖူးသွားကြတော့ ပူလိုက် တဲ့နေ။

ထီးဆောင်းထားတာတောင် မှ ခြေဖမိုးမှာပူလို့၊ ကျက်လို့။ ဒါပေမဲ့ထနောင်းရိပ်မှာ ခိုရင်း၊ နွေ လေလေးအသုတ်မှာ ချက်ချင်းဆို သလိုအေးမြသွားတာပေါ့။ နွေလေ နဲ့အတူ ခေါ်လာတတ်တဲ့ ရွက်ကြွေ တွေကို ခရုပတ်လိုခွေသွားစေတဲ့ လေပွေငယ်လေးတွေကလည်း ဆန်းလိုက်တာ။ လေပြည်ထဲမှာ ‘တရှူးရှူးတရှားရှား’   မြည်နေတဲ့ ထန်းပင်တွေဟာ သဘာဝတေး တစ်ပုဒ်ကို ဆိုညည်းပြီး လေဟုန်စီး ယိမ်းအကကိုကလို့နေတော့ ကြည့် လို့ကောင်းပြန်ပေါ့။

ပူတယ် အေးတယ်လို့ သတ်မှတ်ချက်တွေကလည်း လိုရာဆွဲပြီး တွေးယူနေကြတဲ့ လောကကြီးထဲ မှာ အေးတဲ့ဆောင်းဆို နွေကို တမ်းတကြ။ နွေကျတော့လည်း ပူလိုက်အိုက်လိုက်တာ၊ မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက်ကျလိုက်စမ်းပါ။ မိုးရာသီမှာ မိုးတွေစွေပြန်တော့၊ စိုတိစိုစွတ်အေးနေတာကို လက် မခံချင်ပြန်ဘူး။ အေး မယ့်အေး တော့ နှင်းကလေးတွေနဲ့ဆောင်းက ပဲ ကောင်းနေသယောင်ယောင်။ ခါတော်မီပင်ကြီးကို မော့ကြည့်ရင်း နဲ့ရောက်တတ်ရာရာတွေကို ကျွန်မ တွေးနေမိ တယ်။ သည်နေ့က ရုံး ပိတ်ရက်ဆိုတော့ အမေနဲ့ဘုရားဖူး ထွက်ကြမလို့လေ။ အမေက အိမ် အပြင်ကို ထွက်မလာသေးပါ။

ကျွန်မ သည်မြို့ကိုပြောင်းလာ ခဲ့တာ တစ်ပတ်ပဲရှိသေးတယ်။ ဂျူတီဝင်လို့ သုံးရက်မြောက်နေ့မှာ ဌာနကြီးတစ်ခုက ပြည်နယ်ညွှန် ကြားရေးမှူးအဆင့် ပြောင်းရွှေ့   နှုတ်ဆက်ပွဲရှိလို့တက်ရတာ။ ဘယ် ဌာနက ဘယ်နေရာမှာ ရှိမှန်းမသိ တော့ ရုံးက ကားဒရိုင်ဘာအားကိုး နဲ့ သွားရတယ်။ အဲဒီနှုတ်ဆက်ပွဲက အပြန်မှာ ဒရိုင်ဘာက ”ဒါ.. ဆုတောင်းပြည့်ဘုရားဗျ။ ဆု တောင်းလည်း ပြည့်တယ်။ ရှုခင်း လည်း ကောင်းတယ်။ ဝင်ပြီးဖူးပါဦး လား’ ပြောလို့ဝင်ဖူးခဲ့တာမို့ ဒီနေ့ တော့ ကိုယ်ရောက်ဖူး တဲ့ဘုရားကို အမေဖူးဖို့ လိုက်ပို့ဖြစ်ခဲ့တာပါ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ရယ်လို့ ကောင်ကောင်းမသိ ပေမဲ့ စိတ်နဲ့တိုက်ပြီးမှတ်ထားတဲ့ လမ်းတွေအတိုင်း လာခဲ့တာ။ ရှေ့မှာ ဘုရားမုခ်ဦးကို မြင်ရပြီ။

”နောက်ထပ် သုံးနှစ်ကြီးများ တောင်နေရဦးမှာ အမေ။ တဖြည်း ဖြည်းတော့ အခြားဘုရားပုထိုးတွေ ကိုလည်း သိလာမှာပါ”လို့ အမေ့ ကိုပြောရင်း ဘုရားမုခ်ဦးရှေ့က ဆိုင်မှာ ဆိုင်ကယ်ကိုအပ်ခဲ့ပြီး တော့ အမေ့နောက်ကို လိုက် အလာ၊ ဆိုင်ကယ်ရှေ့ခြင်းထဲမှာ ကျန်နေတဲ့ ပိုက်ဆံအိတ်ကို သတိ ရမိတော့ ပြေးပြီးယူရပြန်ရော။

အမေက ဘုရားဆင်းတုတော် ရှေ့မှာရှိခိုးနေပြီ။ ကျွန်မရောက် အသွားမှာတော့ အမေက ကန် တော့ပြီးအထ ကျွန်မက အထိုင်။ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ သပ္ပာယ်လှတဲ့ မျက်နှာတော်ကို ဖူးတွေ့ပြီး ကန်တော့လိုက်ပါတယ်။ ပြီးတော့…အသင့်ဝယ်လာတဲ့ ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေ ကို အိတ်ထဲကထုတ်ပြီး မီးညှိ။ ကပ်လှူပူဇော်တယ်။ ဘုရားရှိခိုး ကန်တော့ပြီး ဆုတောင်းအမျှပေး ဝေလိုက်ပါတယ်။ အခုလောက်ဆို ရင် အမေတစ်ယောက်၊ သည်စေတီ ကိုလှည့်ပတ်ပြီး ကြည်ညိုေ န လောက်ပြီလို့ ကျွန်မထင်တယ်။

ဘုရားပရဝဏ်ထဲမှာ အမေ့ ကို ကျွန်မလိုက်ရှာတော့ စေတီရဲ့ ညာဘက်မြစ်ကမ်းကိုစီးပြီး မြင်ရ တဲ့ တံတိုင်းဘက်မှာ ရပ်နေတာကို တွေ့ရတယ်။ အဲဒီဘက်မှာ ဧရာ ဝတီမြစ်ကြီးစီးဆင်းနေမယ်။ ပြီး တော့ အဝေးတစ်နေရာမှာ ဗလ မင်းထင်တံတားကြီးရှိနေမှာပါ။ အမေရှိရာကို ဣနြေ္ဒရရနဲ့လှမ်းပြီး သွားလိုက်တော့..သိပ်ပြီး အံ့သြ စရာကောင်းတဲ့မြင်ကွင်း။ ရင်ထဲ ဘာကြောင့်မှန်းမသိ ‘ဒိတ်’ခနဲဖြစ် သွားစေတဲ့မြင်ကွင်း။ အမေ့ရဲ့ဘေး မှာ အမေ့အရွယ်လူကြီးတစ် ယောက်ရပ်နေတယ်။ အမေ့ရဲ့
အုတ်ဘောင်ပေါ်တင်ထားတဲ့ လက်ကို အဲဒီလူကြီးကဆွဲယူလိုက် သလားလို့။ ဟုတ်တယ်။ အမေ့ရဲ့ ဘယ်ဘက်လက်ချောင်းလေးတွေ ကို အဖြားဆွတ်ကိုင်ပြီး ကြည့်နေ တယ်။ အမေ့လက်သြူ<ွကယ်က လက်စွပ်ကလေးကိုလား။

သူတို့နဲ့ ကျွန်မ ဘာမှမဝေး ဘူး။ အလွန်ဝေးလှ ခြေလှမ်းနှစ် ဆယ်၊ ဒါမှမဟုတ် သုံးဆယ်ပေါ့။ မျက်ဝါးထင်ထင် မြင်နေရတဲ့မြင် ကွင်းဟာ ကျွန်မကို တုန်လှုပ်သွား   စေတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးရယ်နေ လိုက်ကြတာ။ အထူးသဖြင့် ကျွန်မ တစ်သက်တာမှာ အမေ့မျက်နှာက သည်အပြုံးမျိုးပြုံးတာ တစ်ခါမှ မမြင်တွေ့ဖူးတဲ့အပြုံး။ ကျွန်မ သူတို့ရှိရာကိုမသွားတော့ပါ။ ငေး မိငေးရာ အဝေးတစ်နေရာဆီကို ငေးကြည့်နေမိတယ်။ တကယ် တော့လည်း ကျွန်မဟာ ဟန်ဆောင် ပြီး ငေးကြည့်နေတာပါ။

ရှေ့က ရှုခင်းဆိုလို့ ဘာဆိုဘာမှမမြင်ဘူး။ မမြင်ဘဲကြည့်နေတာ။ စိတ်ထဲမှာ မြင်နေတာက အမေ့အပြုံးများ။ ကျွန်မမြင်ခဲ့ရတဲ့မြင်ကွင်းက စက္ကန့် ပိုင်း၊ မိနစ်ပိုင်းေ လာက်သာကြာတဲ့ ခဏတာမြင်ကွင်းပါ။ ပတ်ဝန်းကျင် က သည်မြင်ကွင်းကိုမြင်သည့်တိုင် စေ ထူးထူးထွေထွေမြင်ကွင်းမဟုတ် ပေမဲ့ ကျွန်မရင်ထဲမှာတော့…။

‘ သမီး…သွဲ့…” အမေ့ ရဲ့ခေါ်သံကို ကြားလိုက်တယ်။ ကျွန်မရှိရာကို အမေလာမယ်မှန်း ကျွန်မကြိုတင်ခန့်မှန်းမိပြီးသား။ မလှည့်ချင် လှည့်ချင် အမူအရာမျိုး နဲ့ အမေခေါ်ရာဆီကိုလှည့်ရင်း အမေ့မျက်နှာကို ကျွန်မကြည့် လိုက်တယ်။ အမေ့အပြုံးများက အမေ့မျက်နှာမှာ ပျက်ပျယ်၍ မသွားသေးပါ။ အမေနဲ့အတူယှဉ် ပြီးပါလာတဲ့ လူကြီးက ကျွန်မကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြ တယ်။ ပြီးတော့ ကျွန်မနဲ့အမေတို့ အနားကနေ ရှေ့ဘက်ကိုဆက်ပြီး လျှောက်သွားရော…။

အသားလတ်လတ်၊ ဥပဓိရုပ် ကောင်းကောင်းနဲ့ တည်ငြိမ်အေး ဆေးတဲ့မျက်နှာ။ ပင်နီရောင်ဖျော့ဖျော့တိုက်ပုံနဲ့ အစိမ်းရင့်ရောင် ရခိုင်လုံချည်ကို ဝတ်ဆင်ထားပုံ 
ကလည်း တကယ့်လူကြီးလူကောင်း တစ်ယောက်ပါပဲ။ သူ့ကိုကြည့်ရင်းနဲ့ ရင်းရင်းနှီးနှီးမြင်ဖူးသလိုလို။ ဘယ်မှာမြင်ဖူးတာပါလိမ့်။ ဦးနှောက်ထဲက မီမိုရီဖိုင်ကို အပြန် အလှန်အမြန်မေးပြီး တွေးနေမိ တယ်။ သိပြီ…။ ဟိုတစ်နေ့က နှုတ်ဆက်ပွဲလုပ်တဲ့ ရှမ်းပြည်နယ် ကို ပြောင်းမယ့်ညွှန်မှူးပဲ။ ကျွန်မ အမေ့ကိုစကားတစ်လုံးမှ မပြော   ဖြစ်ဘူး။ ရင်ထဲမှ ဆို့တစ်နေလို့။ အမေ့ကို အသေအချာကြည့်ပြန်တော့ ခါတိုင်းနေ့တွေထက်ပိုပြီး လှနေသလားလို့။

အမေက ကျွန်မလက်ကို လှမ်းပြီးကိုင်လိုက်တော့မှ လမ်း လျှောက်ဖို့ကို သတိရတယ်။ သား အမိနှစ်ယောက်လမ်းလျှောက်လာ ကြရင်းနဲ့ ခေါင်းလောင်းထိုးသံကြား လိုက်ရတော့ အမေ့ခြေလှမ်းတွေ က တုံ့ခနဲရပ်သွားတယ်။ ကျွန်မ လက်ကိုကိုင်ထားတဲ့ အမေ့လက် တွေက ပြေလျော့သွားရော။ ခေါင်း လောင်းထိုးသံကြားရာဆီကို အမေ လှည့်အကြည့်မှာ ကျွန်မပါလှည့် ကြည့်မိတယ်။ ခေါင်းလောင်းထိုး နေသူရဲ့နောက်ကျောကို လှမ်းပြီး မြင်နေရတယ်။ ပင်နီရောင်ဖျော့ ဖျော့တိုက် ပုံအင်္ကျီနဲ့ လူကြီးပါ။ အမေက တွေတွေလေးငေးကြည့် နေရာက သတိကို ချက်ချင်းထိန်း လိုက်ပုံပါပဲ။ ကျွန်မကိုပြုံးပြရင်း ကျွန်မလက်ကို အရင်လိုကိုင်ပြီး ဆက်လျှောက်ခဲ့ကြ ပါတယ်။

ဆိုင်ကယ်အပ်ထားတဲ့ နေရာ အရောက်၊ ကျွန်မရင်ထဲမှာ မနေ နိုင်လွန်းလို့ အမေ့ကိုဖွင့်ပြီး ပြော ဖြစ်လိုက်တယ်။ ‘အမေ..သွဲ့.. သူ့ကိုသိတယ်”။ ကျွန်မရဲ့စကားသံ က မာဆတ်ဆတ်။ တိုပြတ်ပြတ်။ အမေ့မျက်နှာကို အသေအချာ ကြည့်ပြီးတော့။ အမေ့ရဲ့မျက်လုံး တွေက လက်ခနဲ။ တုတ်ကလည်း ဆတ်ခနဲ။ ‘ဘယ်လိုလုပ် သိတာလဲ’။ ‘လွန်ခဲ့တဲ့နှစ်ရက်က သူ့နှုတ်ဆက်ပွဲ ကိုသွားခဲ့တာ။ သူက ရှမ်းပြည်နယ် မြောက်ပိုင်းကိုပြောင်းမယ့် ညွှန်မှူး ဦးတင့်ဆွေ။ အမေ့မျက်နှာက အရောင်ဖျော့ သွားတယ်။ ‘သြော်’ ..တဲ့။

အမေ့နှုတ်က ‘သြော်’လို့ပဲ ပြောတာ။ ‘ဟုတ်လား..၊ အမေနဲ့ သိတယ်။ ဘယ်တုန်းကသိခဲ့ကြတာ ..ဘာပေါ့..ညာ..ပေါ့..’လို့ မပြောဘူး။ ကျွန်မစိတ်ထဲမှာ အောင့် သက်သက်။ အဲဒီအချိန်မှာ ပဲ ‘ သမီး..သွဲ့၊ အမေနေမကောင်းဘူး။ ရင်တွေတုန်လို့”တဲ့။ ရိုင်းတာလိုလို ခက်ထန်တာလိုလိုဆိုတဲ့ ကျွန်မစိတ်ဟာ..ကြေကွဲခြင်း ဆီသို့ ဦးတည်ချက်ပြောင်းသွားရော။ အမေ့ပခုံးလေးကိုဖက်ပြီး အုတ်ထိုင်ခုံလေးမှာ ခဏထိုင်စေပြီး နားနေရတယ်။

ဘုရားကအပြန်မှာ နီးရာ ဆေးခန်းတစ်ခုကိုဝင်ပြီး အမေ့ကို ပြတယ်။ လွန်ခဲ့တဲ့လေးနှစ်ကျော်က ရင်ခေါင်းခွဲစိတ်ခဲ့တာ။ သုံးနှစ် လောက် ဆေးစွဲပြီး သောက်ခဲ့ရတာ။ ပြီးတော့ သောက်ခဲ့ရတဲ့ဆေးအမျိုး အစားတွေပါပြောပြတော့ ဆရာ ဝန်က အသေအချာစမ်းသပ်ပေးပါ တယ်။ အမေသောက်ခဲ့တဲ့ဆေးတွေ က ဖြတ်ထားလို့မ သင့်ဘူးတဲ့။ ဆေးအညွှန်းတွေအတိုင်း ဆက်ပြီး သောက်ဖို့မှာတယ်။ အမေ ဒီနေ့ အိပ်ရာဝင်စောတယ်။ အိပ်ပျော် နေတဲ့အမေ့မျက်နှာကို ကျွန်မ အသေအချာကြည့်နေ မိတယ်။ စေ့စေ့ကြည့်လေ အမေ့မျက်နှာက ပြုံးနေတယ်လို့ ထင်ရလေပါပဲ။

***

အခုတလောမှာ ကျွန်မ အလုပ်ဝင်ချိန်တွေစောတယ်။ အလုပ်ဝင်စမို့၊ အရှိန်မရသေးတာ ရယ်၊ ဒီမှာရှိတဲ့ဝန်ထမ်းတွေ၊ ဒေသ အခြေအနေတွေကို မကျွမ်းဝင် သေး တာလည်း ပါတယ်။ ဆက် သွယ်ရေးခက်ခဲတဲ့မြို့နယ်တွေဆီ က စုပြုံပြီးတက်လာတတ်တဲ့အလုပ် တွေကြောင့်လည်း တစ်ခါတစ်ရံ မှာ အလုပ်တွေက ပုံကုန်ရော။ ဒီနေ့ အစီရင်ခံစာတစ်စောင် ရေးနေတာ။ စုဆောင်းထားတဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်း တွေက သေချာဖို့လိုတယ်။

ဂဏန်းတွက်စက်ကိုလှမ်းပြီး အယူမှာ ရေနွေးသောက်တဲ့ ဖန်ပန်းကန်လုံးလေးကို တံတောင် ဆစ်နဲ့တိုက်မိသွားတယ်။ စားပွဲခုံ ပေါ်ကနေ လိမ့်လိမ့်…လိမ့်လိမ့် နဲ့ လိမ့်သွားလိုက်တာ လက်နဲ့လှမ်း ပြီး ဖမ်းလိုက်ပေမဲ့ မမီလိုက်တော့ ဘူး။ စားပွဲစွန်းကနေ အောက်ကို ကျသွားပြီ။ ‘ချွမ်း’ဆိုတဲ့ကျကွဲသံ ပေါ်လာလိမ့်မယ်လို့ စိုးရိမ်စွာနဲ့ နားစွင့်နေတုန်း။ ‘ဘုတ်’ခနဲ အသံ ထွက်လာတော့။ ကြမ်းပြင်ပေါ်မှာ ပုံထားတဲ့ ဖိုင်တွေပေါ်ကို ကျသွား တာပဲလို့ သိလိုက်တယ်။ တော် သေးတာပေါ့။

အလုပ်လုပ်နေရာက ထပြီး ပန်းကန်လုံးကျသွားတာကို သွား ကောက်မိတယ်။ ပန်းကန်လုံးက ကွဲမသွားပါဘူး။ ဒါပေမဲ့အက်တော့ အက်သွားတယ်။ အက်သွားတာ ဆိုတော့ မကောင်းတော့ဘူး။ လွှင့် ပစ်လိုက်ရမလား။ လွှင့်ပစ်ရအောင် ကလည်း သုံးမယ်ဆိုရင်သုံးလို့ ရသေးတယ်။ အက်သွားတယ်ဆို တာက တစ်သားတည်းမ ဟုတ် တော့ပေမဲ့ အလုံးအထည်အရ ကွဲပြားခြားနားသွားတာမျိုး မဟုတ် ပြန်ဘူး။ သီးခြားရပ်တည်မှုနှစ်ခု ထိစပ်နေတာ။ ထိစပ်နေတော့ အလုံးအထည်တစ်ခု   ဖြစ်တည်နေ ပြန်ရော။

ကျွန်မကိုယ့်ကိုယ်ကိုယ် စိတ် မရှည်တော့ဘူး။ ‘ငါ့နှယ်နော်..ပန်းကန်လုံးအက်တဲ့ကိစ္စများ ရေကြီးခွင်ကျယ်လုပ်လို့’ နှုတ်က ထုတ်ပြီး ညည်းမိတယ်။ စားပွဲမှာ ပြန်ထို င်တော့လည်း ဒီအက် ကြောင်းကိစ္စက စိတ်ထဲမှာပေါ်လာ ပြန်ရော။ ဘာလို့လဲ။ အမေ့ကို သတိရသွားလို့။ အမေ… ဒီအက်ကြောင်းကိစ္စကို လေးလေး နက်နက်တွေးေ နတာဟာ အမေ့ ကြောင့်။

စိတ်တွေက ပျံ့..ပျံ့သွား တယ်။ ပျံ့သွားတဲ့စိတ်ကိုထိန်းရင်း အလုပ်တွေထဲကို အာရုံစိုက်ပြီး ဖိ လုပ်နေမိတယ်။ ပျံ့သွားတဲ့စိတ်တွေ က တခြားတော့မဟုတ်ပါဘူး။ အတိတ်ရဲ့ပုံရိပ်ဆိုတဲ့ ကျွန်မတို့ ငယ်ငယ်က သတိမထားမိတဲ့ အချက်တွေဟာ အခုတော့စဉ်းစား စရာဖြစ်လာခဲ့ပြီ။ အဖေနဲ့အမေ အိမ်ထောင်ကျတဲ့အကြောင်းကို အဘွားက ပြောပြဖူးတယ်။ အဲဒီ တုန်းက နားထောင်ရုံပဲ။ မှတ်ထား ရုံပဲ လို့ထင်ခဲ့မိတာ။ ကျွန်မအဖေရဲ့ အဖေ (ကျွန်မတို့အဖေကြီး)က ပွဲရုံ လုပ်ငန်းတွေလုပ်တာ၊ အဖေက ဘွဲ့ရပြီးတော့ လက်ငုတ်လက်ရင်း ဖြစ်တဲ့ အိမ်ကပွဲရုံမှာပဲ ဝင်လုပ်တာ တဲ့။ ”သမီးတို့အဖေပေါ့အေ၊ မန္တလေးက သမီးတို့အမေရဲ့ အဖေ ဆီကိုသွားပြီး ပို့ထား တဲ့ကုန်နဲ့ စာရင်းတွေကို ရှင်းဖို့သွားတာ။ မန္တလေးကအပြန်မှာ စာရင်းတွေ လည်း ရှင်းခဲ့ပါရဲ့။ စာရင်းအသစ် တစ်ခုလည်း ထပ်တိုးလာတာပါပဲ။

သမီးတို့အမေကိုတွေ့ခဲ့တာ။ အဲဒါ အခုကြောင်းလမ်းပေးစမ်းပါ။ အခု..တောင်းပေးစမ်းပါနဲ့။ ငါ့ယောက်ျားခမျာ သူ့သူငယ်ချင်း မန္တလေးကပွဲစားကြီးကို ဇွတ် အတင်းနား ချပြီး တောင်းပန်ရ တယ်။ ဟိုကလည်း အကြောင်း ပေါင်းသိသူတွေဆိုတော့ လက်ခံ သဘောတူပါတယ်။ သဘောတူ တယ်ဆိုတဲ့ အသံကြားကာရှိသေး တယ် ဒီကနေ ရက်ရွေး၊ ဖိတ်စာ ရိုက်ပြီး ချက်ချင်းဆိုသလိုပဲ သွား ပြီးတောင်းကြရမ်းကြ။ မင်္ဂလာပါ ဆောင်ခဲ့ကြသတဲ့တော်။ သတို့သား အမေဖြစ်တဲ့ကျုပ်က တိုက်ဖွိုက်ဖြစ် နေလို့ မလိုက်နိုင်ခဲ့ဘူး။ သမီးတို့ အမေကို တစ်ပါးတည်း  ခေါ်ခဲ့ကြ တာ။ ‘အလိမ္မာအိမ်ပါ’ဆိုတဲ့ စကား ပုံလိုပေါ့ကွယ်”။ ဒါက အဘွားပြော တဲ့ စကားကြားဖူးတာ အဲဒီအချိန် မှာ အမေက မန္တလေးတက္ကသိုလ်မှာ ပထမနှစ်ကျောင်းသူတဲ့လေ။

ကြားဖူးတဲ့ဇာတ်လမ်းက ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ အသေ အချာဆန်းစစ်ကြည့်တဲ့အခါ အက် ကြောင်းအရာကို ထင်ထင်ရှားရှား တွေ့နေရသလိုလို၊ ကျွန်မခံစားရ မိတယ်။ အမေနဲ့အဖေရဲ့ ဆက်ဆံ ရေးက တကယ်တွေးကြည့်ရင် တစိမ်းပြင်ပြင်တွေလိုပါပဲလား။ အဖေက တည်ကြည်တယ်ထင်ရ ပေမဲ့ အဖေ့မျက်နှာမှာ မာနရိပ် စွန်းထင်းနေတယ်။ အမေက အနေအေးတယ်ဆိုပေမဲ့ စက်ရုပ် တစ်ရုပ်လို အသက်မဲ့တယ်။ အေး စက်တယ်။ ပတ်ဝန်းကျင်က ကြည့် မယ်ဆိုရင်တော့ အိမ်ထောင်ရေး
ပြဿနာမရှိ ပကတိတည်ငြိမ် အေးဆေးတဲ့ မိသားစုလို့ အထင် ရှိကြပေမပေါ့။ ကျွန်မကိုယ်တိုင် လည်း သည်လိုပဲထင်တာ။ ကိုယ် ကိုယ်၌ကလည်း ကျောင်းစာတွေနဲ့ နပန်းလုံးနေခဲ့ရတာ။ အချစ်ဆိုတဲ့ အရာဟာ၊ ဘာပါလို့ ခြေခြေမြစ်မြစ် မသိခဲ့တာလည်း ပါတာပေါ့။

မှတ်မှတ်ရရ ကျွန်မစတုတ္ထ တန်းမှာ စာမေးပွဲတွေက ဖြေရ တော့မှာ။ ဆောင်းအကုန်နွေအကူး ကာလ၊ ဒီအချိန်မှာမှ ကျွန်မက ဝက်သက်ပေါက်ပြီးဖျားတယ်။ အမေက ကျွန်မကိုပြုလည်း ပြုစု ပေးတယ်။ စာတွေကိုလည်းကူပြီး  ကျက်ပေးတယ်။ အမေ့ကျေးဇူး ကြောင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့တယ်။ အဲဒီအချိန် ကတည်းက အမေဟာ ကျွန်မတို့ ညီအစ်မနှစ်ယောက်နဲ့အတူ အိပ်ခဲ့ တာ ဒီနေ့အထိပေါ့။ အဖေကတော့ သူ့ထုံးစံအတိုင်း ညနေဆိုရင် အရက်သောက်တယ်၊ ဒါက လည်း ကျွန်မ သိတတ်စအရွယ်ကတည်း ကဆိုတော့ မဆန်းတဲ့ကိစ္စတစ်ခုလို ပေါ့။ တစ်ခါတလေဆိုရင် ထမင်း စားခန်းထဲမှာပဲ အိပ်ပျော်သွားတဲ့ နေ့တွေက မရေနိုင် ဘူး။ ဒီအကြောင်း အရာတွေဟာ တစ်ချိန်ကတော့ မဆန်းဘူးဆိုပေမဲ့ အခုတော့ ကျွန်မကို သံသယတွေ ပွားစေခဲ့ပြီ ပေါ့။ ကျွန်မ ဆယ့်လေးနှစ်သမီးမှာ အဖေဆုံး တယ်။ အဖေဆုံးတဲ့ ရောဂါက အသည်းကင်ဆာ။ ကဲ …တိုက်ဆိုင်မနေဘူးလား။

အဖေနဲ့အမေက ချစ်ကြိုက်ပြီး ယူခဲ့ကြတာတော့ မဟုတ်ဘူး။ သို့ပေမဲ့ အတူတကွ ပေါင်းသင်း လာကြပြီပဲ။ သံယောဇဉ်လို့ပြော ရမလား။ နားလည်မှုလို့ဆိုရမလား။ တစ်ဦးပေါ်တစ်ဦး နားလည်ခွင့် လွှတ်ပြီးနေမှ မနေခဲ့ကြလေတော့။ အဖေက အချစ်ကိုဖမ်းယူဆုပ်ကိုင် နိုင်ရင် အပိုင်ရလိမ့်မယ်လို့ ထင် ပုံရတယ်။ တကယ်တော့ အဖေ ရလိုက်တာဟာ ဖမ်းဆုပ်တဲ့ လက် အတွင်းမှာ အမုန်းလက်တစ်ဆုပ် စာပဲရခဲ့တာများလား ကျွန်မစဉ်း စားမိတယ်။ ဒါမှမဟုတ် အဖေက မျဉ်းဖြောင့်တစ်ကြောင်း၊ အမေက လည်း မျဉ်းဖြောင့်တစ်ကြောင်းပဲ ထားကြပါစို့။ သူတို့ဟာ အတိတ်ကံ ကြောင့် တစ်နေရာမှာ ဆုံမှတ် တစ်ခုအနေနဲ့ ဖြတ်သွားကြတယ်။ ဆုံစည်းကြတယ် ဆိုပါတော့။ ကြက်ခြေခတ်သဏ္ဌာန်ဆုံမှတ်မှ သည် မျဉ်းဖြောင့်တို့ရဲ့ လားရာ ဂုဏ်သတ္တိအတိုင်း ဖြောင့်တန်းစွာ ခွဲခွာသွားကြလေသလားဆိုတာ။

***

ကျွန်မတို့ နယ်ကိုဆင်းရ တယ်။ စီမံချက်အတိုင်း မြို့နယ် တွေကို အရောက်သွားရင်းပေါ့။ ကားတစ်တန်၊ စက်လှေတစ်တန်၊ ခြေလျင်တစ်တန်။   ဖြတ်သွားရတဲ့   ဝေးလံသီခေါင်လှတဲ့ ကျေးရွာတွေ ရဲ့ လူနေမှုဘဝတွေ၊ တိုင်းရင်းသား တွေဆီကိုပါ။ ရက်တစ်ပတ်လောက် ကြာတယ်။ ပျော်လည်းပျော်ပါ တယ်။ အိမ်ကိုပြန်ရော က်တော့  အမေ့ကို ပြုံးပြုံးရွှင်ရွှင်တွေ့ရရင်ပဲ မောခဲ့သမျှပြေပါတယ်။ ဒါပေမဲ့ အမေ့မျက်နှာက အားနည်းဖျော့ တော့နေသလိုပဲ။

”အမေ..နေ ကောင်း လား။ ဆေးရော သောက်ရဲ့ လား”

လို့မေးတော့ ပြုံးပြုံးကြီးလုပ် ပြီး ခေါင်းညိတ်ပြတယ်။ ညအိပ်ရာ ဝင်တော့ ကျွန်မက ခရီးပမ်းလာ တာမို့ ခေါင်းချတာနဲ့ အိပ်ပျော်သွား ရော။ မနက်လင်းတော့ ကျွန်မ ကိုယ်ပေါ်မှာ အမေခြုံတဲ့စောင်တွေ ပါ တစ်ထပ်ကြီး လွှားခြုံထားတာကို သတိထားမိတယ်။ ကျွန်မတစ် ယောက်တည်း အိပ်ခဲ့ရတာလား။ ”အမေ ညက အိပ်ရောအိပ်ရဲ့ လား”လို့ မေးတော့ ”အိပ်ပါတယ်။ အစောကြီး နိုးနေလို့” တဲ့။

ကျွန်မ ရုံးသွားတယ်။ နေ့ လယ် ထမင်းစားပြန်လာတော့ အမေ့ကို အိပ်ရာထဲမှာတွေ့ရ တယ်။ အိပ်ရေးပျက်လို့နေမှာ။ ကျွန်မ ခရီးသွားတဲ့ရက်တွေမှာ ည ညတစ်ေ ယာက်တည်း အိပ်ရရှာမှာ။ ကျွန်မကို စိုးရိမ်ပူပန်မှုတွေနဲ့ အတော့်ကို အိပ်ပျက်ခဲ့မှာပဲ။ သား သမီးအိမ်ပြန်ရောက်မှ စိတ်ဒုန်းဒုန်း ချနိုင်တဲ့ မိခင်သောကကိုလည်း သိပြီးသားမို့ ကျွန်မ မနှိုးရက်တော့ ပါ။ အိမ်အပြင်ကို တိတ်တိတ်က လေးပြန်ပြီးထွက်ခဲ့တယ်။ ရုံးနား ကဆိုင်မှာ ဆန်ခေါက်ဆွဲစားပြီး လက်ဖက်ရည်တစ်ခွက်သောက် လိုက်တယ်။ နေ့လယ် နှစ်နာရီ လောက်မှာ ကျွန်မဆီကိုဖုန်းလာ တယ်။ အိမ်မှာ သန့်ရှင်းရေးနဲ့ အလျှော်အဖွပ်အတွက် အကူခေါ် ထားတဲ့ ဒေါ်မိကဆက်တာ။

”အမေသတိလစ်နေလို့ အမြန်ပြန် လာပါ” တဲ့။ ကျွန်မအိမ်ကိုပြန်ခဲ့ တယ်။ အမေ့ကိုကြည့်တော့ သတိ မရဘူး။ အနီးနားက ဆရာဝန်ကို ပြေးပြီးပင့်တယ်။ ဒါပေမဲ့ ခုန်တယ် ဆိုရုံသာ ခုန်နေတဲ့နှလုံးက လုံးဝ ငြိမ်သက်သွားခဲ့ပြီ။ ဝမ်းနည်းခြင်း တို့ရဲ့ အထွတ်အထိပ်မှာ အမှန်ကို ပြောရရင် ကျွန်မ ဒီလောကကြီးမှာ အသက်ဆက်ရှင် မနေချင်တော့ လောက်အောင်ပါပဲ။

အစ်မ ‘နွဲ့’ ဆီကို အမေဆုံးတဲ့ အကြောင်း ဖုန်းဆက်တယ်။ စာမေးပွဲနီးနေတဲ့ကလေးတွေနဲ့ ယောက်ျားက ခွင့်ယူဖို့ မလွယ်တာ တွေနဲ့ပဲ မလာခဲ့ဖို့ပြောရတယ်။
”မှတ်တမ်းအနေနဲ့ ဓာတ်ပုံသာ ကြည့်တော့။ ရက်လည်ပြီးရင် ဆင်းခဲ့မယ်” လို့ပဲ ပြောလိုက်တယ်။ ‘နွဲ့’ လည်း စိတ်မကောင်းတာရယ်၊ ငိုတာရယ်ကလွဲလို့ ဘာတတ်နိုင် တာမှမဟုတ်ဘဲလေ။ အသုဘကိစ္စ အဝဝပြီးပြီ။ ရက်လည်ဆွမ်းကပ် တယ်။ ဆွမ်းကျွေးပြီးတာနဲ့ နေ့လယ် ရထားလက်မှတ်မှာတယ်။ ခွင့်ယူထားပြီးသားမို့ ကိုယ့်မြို့ ကိုယ် ခဏပြန်ဦးမယ်။

ရုံးအကူလေးလာ ပေးတဲ့ ရထားလက်မှတ်ကို အိမ် ရှေ့အထိထွက်ယူရင်း မှာစရာကိစ္စ တွေကိုမှာပြီး ဧည့်ခန်းထဲကို ကျွန်မ လှမ်းဝင်၊ စာအုပ်စင်ပေါ်မှာ အမေ တပ်တဲ့ မျက်မှန်လေးတင်ထားတာ ကိုမြင်လိုက်တယ်။ မျက်မှန်လေး က သတင်းစာအခေါက်ကလေး ပေါ်မှာ အမေတင်ထားတဲ့ အတိုင်း ရှိနေတာကို ရင်နာစွာနဲ့ငေးကြည့် မိတယ်။ မျက်မှန်လေးကို တရို တသေခေါက်ရင်း၊ အမေဖတ်သွား ခဲ့တဲ့ သတင်းစာကိုယူလိုက်တော့ သတင်းစာအခေါက်ထဲက စက္ကူ ဖြတ်တဲ့ ကပ်ကြေးတစ်ချောင်း   လျောကျလာတယ်။ သတင်းစာကို ဖြန့်ကြည့်လိုက်တော့ နာရေး စာမျက်နှာမှာ ကပ်ကြေးနဲ့ဖောက် ပြီး ကိုက်ထားတဲ့အရာကို တွေ့ရ တယ်။ ဘာကြောင့်ကိုက်ယူထား တာလဲ။ ဘယ်သူဆုံးတာလဲ။ သိချင်စိတ်ဖြစ်မိပေမဲ့ အမေ့လုပ် ဆောင်ချက်တွေထဲက နောက်ဆုံး ကျန်ရှိနေတဲ့ လက်ရာလေးလို့ပဲ ရင်ထဲမှာ ဖြေသိမ့်လိုက်ပါတယ်။ သတင်းစာကို ပြန်ခေါက်ပြီး တင် လိုက်တယ်။ မျက်မှန်လေးကိုတော့ သိမ်းလိုက်တယ်။

အိပ်ခန်းထဲမှာကြည့်ရတာ ရှင်းရှင်းကြီး။ အမေ့အိပ်ရာထဲမှာ မရှိပါ။ ချိတ်တွေနဲ့ချိတ်ထားတတ် တဲ့ အဝတ်အစားတွေကိုလည်း မတွေ့ရပါ။ အမေနဲ့ပတ်သက်တဲ့ ရုပ်ဝတ္ထုမဆိုထားနဲ့ အမေ့ရဲ့အငွေ့ အသက်တောင်မှ သည်အခန်းထဲ မှာ ကျန်ရှိမနေရစ်တော့။ အမေ သုံးခဲ့တဲ့ဗီရိုထဲက အမေ့အဝတ် အစားတွေကို အစီအရီထပ်ပြီး ခရီးဆောင် သေတ္တာထဲပြောင်း ထည့်တယ်။ အမေ့အဝတ်အစား တွေကို နွဲ့ဆီပို့မယ်။ အသုံးလိုတာ သုံး၊ မလိုတာတွေကို ပေးပစ်ဖို့ပြော ပြီးသား။ အလာတုန်းက သားအမိ နှစ်ယောက်၊ အခုအိမ်အပြန်မှာ ကျွန်မတစ်ယောက်တည်း။ အမေ့ ကိုယ်စားကတော့ သည်ခရီးဆောင် သေတ္တာအိတ်ပဲ ဖြစ်မယ်ထင်ရဲ့။

အမေ့အင်္ကျီအထပ်ရဲ့ အောက်မှာ အမေငယ်ငယ်က ကိုင်ခဲ့တယ်ဆိုတဲ့ ပိုက်ဆံအိတ်ကလေးကို တွေ့တယ်။ ငှက်နှစ်ကောင်ပုံပါတဲ့ ပိုက်ဆံ အိတ်။ ဖွင့်လိုက်တော့
ကြည့်မှန်နဲ့ ဘာနဲ့။ ပိုက်ဆံအိတ်ကအခွံပါ။ ဘာမှမထည့်ထားပါဘူး။ အမေ အပျိုတုန်းက ကိုင်တာလို့ပြောဖူး တယ်။  ကြည့်ရင်းနဲ့မှန်ရဲ့နောက်က စက္ကူစလေးထွက်နေ တယ်။ အဲဒီ စက္ကူစလေးကို အသာလေးဆွဲထုတ် လိုက်တော့ သတင်းစာဖြတ်ပိုင်း။ ဖတ်ကြည့်တော့ ဦးတင့်ဆွေ… အသက် ၅၇ နှစ်၊ ညွှန်ကြားရေးမှူး၊ xxx ဌာန။တဲ့။ ဟို..အန်ကယ် ကြီး။ သူက အိမ်ထောင်မရှိဘူးပဲ၊ လူပျိုကြီးပေါ့။ ကျန်သေးတယ်။ ဓာတ်ပုံတစ်ပုံ။ အဖြူအမည်းဓာတ် ပုံထဲမှာ ခပ်ချောချောလူငယ်တစ် ယောက်ရဲ့ ပုံ။ နောက်ကျောမှာ ထာဝရချစ်နေမယ့် ‘မောင်’ တဲ့။ နောက်ထပ်ကျန်သေးတယ်။ စာရွက်ခေါက်တစ်ခု။ ခေါက်ရိုးကျိုး ပြီး ပြတ်နေပြီ။

ဝါနေတဲ့စာရွက် ခေါက်အပိုင်းလေးတွေကို ဆက် ကြည့်တော့ ‘စစ်ကိုင်းမြို့၊ စစ်ကိုင်း တောင်၊ သုံးထပ်ကန်တံတိုင်း၊ အလှူတော်ဖြတ်ပိုင်း’။ အပြာရောင် လေးထောင့်ပုံနှိ ပ်စာလုံးတွေနဲ့။ အလှူရှင်အမည်နေရာမှာတော့။

‘တမလွန်ဘဝထိတိုင် အမည်မဖော် လိုသူနှစ်ဦးကောင်းမှု’ တဲ့။ ကောက် ခံသူရဲ့ လက်မှတ်နဲ့ရက်စွဲ နေရာက လုံးဝဖတ်မရတော့ လောက်အောင် မွမွကြေနေပြီ။   နှစ်တွေက ဘယ် လောက်ကြာခဲ့ပြီမှန်းမှ မသိတာ။ ဒါတွေဟာ ဒါတွေဟာ ကျွန်မ အတွေးမျှင်ထဲမှာတော့…။

***

မန္တလေးဘူတာကြီးကို ရထားဆိုက်တော့ နံနက်လင်းခါ နီးပြီ။ အငှားကားလေးတစ်စီးကို ခေါ်ပြီး စစ်ကိုင်းဘက်ကိုထွက်ခဲ့ တယ်။ ကားဆရာက ကြၽန္မသြား ခ်င္တဲ့ေ နရာကို သိတယ္တဲ့။ သူက ဘုရားဖူးပို့နေကြဆိုတော့ ကျွန်မ အတွက် အဆင်ပြေသွားတာပေါ့။ ဧရာဝတီမြစ်နဲ့ပြိုင်နေတဲ့ လမ်း အတိုင်း စစ်ကိုင်းဘက်ကို မောင်း ထွက်လာခဲ့ကြတယ်။ စစ်ကိုင်း တောင်ပေါ်ရောက်တော့ လူသူ ရှင်းနေတုန်းပါပဲ။ ‘ဒါ..သုံးထပ် ကန်ပဲ’ လို့ပြောရင်း ကားကိုရပ်ပေး တော့ ကျွန်မဘာဆက်လုပ်ရမှန်း မသိတော့။ ကားတံခါးကိုဖွင့်ဆင်း ပြီး လေးကန်တဲ့ ခြေလှမ်းတွေနဲ့ သုံးထပ်ကန်အုတ်တံတိုင်းတွေဆီ ကို။ တံတိုင်းမှာ ကမ္ပည်းထိုးထားတဲ့ အလှူရှင်များအမည်ကို တစ်ခန်း ချင်းလိုက် ဖတ်ကြည့်နေမိတယ်။ ၂၃ ခန်းမြောက်မှာ တွေ့ပြီ။ နောင် ဘဝထိတိုင် အမည်မဖော်လိုသူ နှစ်ဦးကောင်းမှုတဲ့၊ အံ့သြထိတ် လန့်စွာနဲ့စာလုံးတွေ ကို နောက် တစ်ခေါက် ထပ်ဖတ်လိုက်တယ်။ စာလုံးတွေကိုကြည့်ရင်း မှုန်ဝါးလာ တယ်။ ပိုးပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေဟာကျွန်မနှုတ်ဖျား ကို အမေလို့ တစေခဲ့ပြီ။ အုတ် တံတိုင်းလေးကို ဝအောင်ကြည့်ပြီး တော့မှ ကားဆီကို လာခဲ့တာ။ ကားဆရာက ပုညရှင်ဘုရားသွားဦး မှာလားလို့အမေးမှာ ခေါင်းညိတ် ရုံပဲ ညိတ်ပြနိုင်ပါတော့တယ်။

ပုညရှင်ဘုရားရောက်တော့ ဘုရားကန်တော့ပြီး အရှေ့ဘက် စောင်းတန်းဘက်ကို ထွက်ခဲ့တယ်။ သာယာလှတဲ့ မြစ်ပြင်နဲ့တော တောင်တွေက စိမ်းစိမ်းညို့ညို့။ ဧရာမြစ်ပေါ်မှာ နေခြည်နုနုက ထိုးဆင်းဖြာကျလျက်။ လှိုင်း ကလေးတွေက ငါးကြီးတစ်ကောင် ရဲ့ အကြေးခွံလေးတွေလိုပါ။ အရွက်မဲ့အကိုင်းတစ်ခုပေါ်မှာ ငှက် တစ်ကောင်နားနေတာကို ငေးကြည့်နေမိတယ်။ နားခိုနေရင်း ဘာသာဘာဝတွန်ကျူးနေတဲ့ အသံ ကိုလည်း ကြားရတယ်။ အပူအပင် ကင်းမဲ့စွာ ရင်ထဲရှိတာတွေကို သီကျူးနေတာလားလို့။ သူ့အနား ကို နောက်ထပ်ငှက်လေးတစ် ကောင်က လာနားတယ်။ တွန်နေ တဲ့ ငှက်ကလေးက ရုတ်တရက်ထ ပြီး ပျံသွားရော။

သူပျံသွားတဲ့နေရာ ကို နောက်ငှက်ကလေးကလည်း လိုက်ပျံသွားတယ်။ သူတို့ဘယ်ဆီ ကိုလည်း ကျွန်မ ကြည့်နေရင်းက မြင်ကွင်းမှ သူတို့ပျောက်သွားပြီ။ ဒီကမ္ဘာမြေပြင်ရဲ့ တစ်နေရာဆီကို နေမှာပါ။ ဟုတ်ပါတယ်။ သူတို့ နားခဲ့တဲ့အကိုင်းလေးက လေထဲမှာ ဆတ်ဆတ်တုန်ပြီး ကျန်ရစ်တယ်။ ဒီအကိုင်းလေး ဆတ်ဆတ်တုန်နေ တာကို ရပ်သွားသည်အထိ ကျွန်မ မကြည့်ရက်တော့ပါ။ ပြန်လာခဲ့ တယ်။ အပြန်မှာတော့ စစ်ကိုင်း တံတားအဟောင်းဘက်က လှည့် ပြန်ခဲ့တာ။ တံတားဟောင်းပေါ်မှာ ကားအသွားအလာက နည်းတော့ ရှုခင်းတွေကြည့်ရအောင် ကား ဆရာကရပ်ပေးတယ်။ အင်းဝမြို့ အဟောင်းရဲ့ အရှေ့ဘက်က ကပ်လျက် ရစ်ခွေစီးဆင်းနေတဲ့ ဒုတ္ထဝတီမြစ်က ဧရာဝတီမြစ်ထဲကို ပေါင်းဆုံစီးဝင်နေတာကိုလည်း တွေ့ရတယ်။ ကချင်ပြည်နယ်က မြစ်ဖျားခံတဲ့ဧရာဝတီရယ်၊ ရှမ်း ပြည်နယ်က မြစ်ဖျားခံတဲ့ ဒုတ္ထဝတီ ရယ် တောင်စဉ်တောင်တန်းတွေကို ကျော်ဖြတ်၊ အခက်အခဲအထပ်ထပ် ကို ရင်ဆိုင်ပြီး သည်နေရာမှာ ပေါင်းဆုံနိုင်ခဲ့ကြပါတယ်။ သမိုင်း မတင်မီက မြစ်တွေဖြစ်ပေါ် ခဲ့ကြ တာဆိုပေမဲ့ သူတို့ဆန္ဒတွေအတိုင်း စီးဆင်းကြရင်း မခွဲမဖြာဘဝတစ်ခု အသွင်နဲ့ ပေါင်းဆုံစီးဝင်ခဲ့ကြတာ မဟုတ်ပါလား။ နောင်ဘဝအထိ တိုင် အမည်မဖော် လိုသူနှစ်ဦး လှူဒါန်းခဲ့တဲ့ဖြတ်ပိုင်းပါ အမေ့ အိတ်ကလေးကို ကျွန်မတံတား ပေါ်ကနေ ချလိုက်ပါတယ်။ သည် မြစ်နှစ်စင်းဆုံတဲ့အထိ မျောပါသွား မှာပါ။ တကယ်တော့ အမေရယ် …သက်မဲ့မြစ်တွေသော်မှ …။




အောင်ချင်းသစ် 

(ဤ ရသ၀တ္ထုတိုအား
ရတီမဂ္ဂဇင်းမှ တစ်ဆင့်
ပြန်ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။)


Open Source URL

http://yatimagazine.com/archives/17503






Monday, October 05, 2015

ဝရိန်းကောင်းကြသူများ

Credit - Google Image

ရိုးဖေဖေက ၀န်ထမ်းဆိုတော့ နယ်တွေကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတယ်။ ဒီတော့ ရိုးတို့လည်း ဖေဖေပြောင်းသမျှ မြို့တွေနောက်တကောက်ကောက်လိုက်ရင်း နယ်မြေအစုံ ဒေသအစုံမှာ တိုင်းရင်း သားပေါင်းစုံလူမျိုးပေါင်းစုံ ဓလေ့အစုံနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဟိုပြောင်း သည်ရွှေ့နဲ့မို့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်း မရှိတာကလွဲလို့ရောက်ရာ ဒေသမှာ ခင်ခင်မင်မင်နေတတ်တာမို့ အပေါင်းအသင်းတော့ စုံခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်မယ်ဆို တော့မှသာ ဖေဖေတာဝန်ကျတဲ့မြို့မှာ ကိုယ်ယူတဲ့မေဂျာက မရှိသေးတာကြောင့် မန္တလေးမှာ သွားတက်ခဲ့ရတာ။ ကျောင်းပြီး သွားတော့တစ်ခါ လုပ်ငန်းခွင်မ၀င်ခင်စပ်ကြား ဖေဖေတာဝန်ကျရာမြို့တွေကို လိုက်သွားပြန်ရော။ ဒီအချိန်မှာတော့ ကိုယ် ကကျောင်းကလည်း ပြီးကာစသင်ယူလိုစိတ်ကလည်းပြင်းထန်နေတဲ့အချိန်ဆိုတော့ အရာရာကို ငယ်စဉ်ကလို အမှုမဲ့ အမှတ်မဲ့ သိပ်မနေဖြစ်တော့ဘူး။ ရောက်ရာဒေသမှာ ဒေသန္တရဗဟုသုတရှာဖွေတာမျိုး၊ ဒေသခံတိုင်းရင်းသားတွေနဲ့ စကား စမြည်ပြောတာမျိုး၊ ရိုးရာဓလေ့ထုံးစံတွေကို လေ့လာတာမျိုးတွေ လုပ်တတ်လာတဲ့အချိန်ပေါ့။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေဆက်သွားရတဲ့ တနိုင်းဆိုတဲ့မြို့ကလေးမှာ ဖေဖေတာဝန်ကျစဉ်ကပေါ့။ ရိုးကလည်း ကျောင်းပြီးတော့ လုပ်ငန်းခွင်ဝင်ဖို့စောင့်နေချိန်၊ မောင်လေးအလတ်ကလည်း နောက်ဆုံးနှစ်ဖြေပြီးကာစ၊ မောင်လေးအငယ် ဆုံးက ဆယ်တန်းဖြေပြီးကာစအချိန်။ မိသားစုစုံစုံလင်လင်နေရတဲ့အချိန်က နည်းပါးတော့ အားလုံးစုံမိချိန်မှာ တနိုင်းမြို့ ဆိုတာ အင်မတန် ခြောက်ကပ်ပျင်းရိဖွယ် ကောင်းပေမယ့် ပျော်အောင်နေနိုင်ခဲ့ကြတယ်။ တနိုင်းရဲ့ ရာသီဥတုက ရိုးတို့လို မြေပြန့်ဒေသမှာကြီးပြင်းခဲ့တဲ့သူတွေအတွက်ဆိုရင်တော့ ကြမ်းတယ်လို့ဆိုရမလားပဲ။ နံနက်အစောပိုင်းမှာ မြူတွေ နှင်းတွေ ကျနေတတ်ပြီး နံနက် ၉ နာရီလောက်ဆိုရင် ထွက်လာတဲ့နေက မခံနိုင်အောင်ကို ပူလွန်းလှတယ်။ အဲ…နေ့လယ် ၂ နာရီလောက်ရောက်ပြီဆိုရင်တော့ မိုးတွေ သည်းသည်းမည်းမည်း ရွာချပြန်ပါလေရော။ ဒါကြောင့် တစ်ရက်ထဲမှာတင် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးကိုခံစားနေရပါလားလို့ မေမေက အမြဲပြောလေ့ရှိပါတယ်။

တနိုင်းမှာ သွားစရာ လာစရာ လည်စရာ ပတ်စရာကလည်း အင်မတန်နည်းပါတယ်။ တရုံချောင်းလို့ခေါ်တဲ့ သာယာလှပတဲ့ ချောင်းရှိပေမယ့်လည်း တစ်ခါတစ်ရံကလွဲလို့ မသွားဖြစ်ပါဘူး။ စားစရာ သောက်စရာလည်း အင်မတန်ရှားပါးပါတယ်။ တစ် ခုခုစားချင်ရင် မြစ်ကြီးနားကို လူကြုံနဲ့မှာရတယ်။ သူ့ဒေသ ထွက်ကုန်တော့ ရှိတာပေါ့လေ။ ရိုးတို့ကတော့ မိသားစု ၅ ယောက်နဲ့တင် ပျော်အောင်နေတတ်တာက သဘာဝဖြစ်နေပြီဆိုတော့ ဖေဖေကအိမ်ရှေ့မှာ ကြက်တောင်ကွင်းလုပ်ပေး ထားတယ်။ မိုးမရွာရင် ကြက်တောင်ရိုက်တယ်။ မိုးရွာရင် အိမ်ထဲမှာ ပင်ပေါင်ခုံလုပ်ပေးထားတော့ ပင်ပေါင်ရိုက်တယ်။ မဟုတ်ရင် ဂစ်တာတီးကြ သီချင်းဆိုကြနဲ့ ပျော်စရာပါပဲ။

နီးစပ်ရာဝန်ထမ်းတွေက မအားလပ်တဲ့အခါ သူတို့ကလေးတွေကို ရိုးတို့မောင်နှမက ခေါ်ထိန်းပေးကြပါတယ်။ ကလေးချစ် တတ်သူတွေကိုး။ သူတို့မိဘတွေအစည်းအဝေးသွားတဲ့အခါ စုပေါင်းသန့်ရှင်းရေးသွားလုပ်ကြတဲ့အခါ ရိုးတို့မောင်နှမသုံး ယောက်က ကလေးတွေကို ထိန်းပေးကြတယ်၊ တစ်ခါတစ်လေလည်း သူတို့အိမ်စာမပြီးသေးတဲ့အခါ စာပါသင်ပေးရတာပေါ့။ စိတ်လည်းရှည်ကြတော့ကလေးတွေကလည်း အိမ်မှာပျော်နေကြတယ်လေ။

အဲ….. အဲဒီမှာဇာတ်လမ်းကစတာ။

ကလေးတွေ အားလုံးထဲမှာ သဇင်ဆိုတဲ့ကလေးမလေးက ထူးခြားတယ်။ သူကစကားလည်းသိပ် မပြောဘူး။ သူ့မျက်လုံး လေးတွေက ၀ိုင်းစက်ပြီး မည်းနက်နေတော့ထင်ရှားတယ်။ သူက လူကြောက်တတ်ပုံ ပေါ်တယ်။ လူများလာရင်ထောင့်တစ် နေရာမှာကပ်ပြီးနေတတ်တယ်။ ဒါကို ရိုးက သတိထားမိတယ်။ ဒါကြောင့် လူများလာရင် သူ့ကို အနားခေါ်ထားရတယ်။ သူက မိန်းကလေးဆိုတော့ အလှအပကတော့ကြိုက်သား။ နှုတ်ခမ်းနီလေးများ သူ့အမေကဆိုးပေးထားလိုက်ရင် ဘာမှကို ကျွေးလို့မရတော့တဲ့သူ။

တစ်ရက်မှာတော့ နေ့လယ်ခင်း အေးအေးလူလူ သားအမိတွေစကားပြောနေကြတုန်း သဇင်ရောက်လာပါတယ်။ သူ့အမေက စုပေါင်းသန့်ရှင်းရေးလုပ်ရမှာမို့ လာအပ်သွားတာ။ သူ့မှာ စာအုပ်နဲ့ ခဲတံပါလာတဲ့အတွက် အိမ်စာကျန်သေးတယ်လို့ သိလိုက် ပါတယ်။ ဒါနဲ့ မေမေကပဲ ….

“လာ..လာ သဇင်လာ….အိမ်စာတွေ ကျန်နေသေးတာလား။ ကြီးကြီးနဲ့ အတူတူရေးကြမယ်နော်” ဆိုတော့ သဇင် ခေါင်း ညိမ့်တယ်။ မေမေ့အနားလာပြီး စာရေးဖို့ပြင်ဆင်တယ်။ သူရေးရမယ့် စာမျက်နှာရောက်တော့ သူ စရေးတယ်။ သဇင်က သူငယ်တန်းကျောင်းသူလေးပါ။ အဲဒီနေ့က သူရေးရမယ့် သင်ခန်းစာက `ထ´ ကို နှစ်မျက်နှာရေးရမှာ။ မေမေက သမီးလေး ရေးတတ်လားဆိုတော့ ရေးတတ်တယ်ကြီးကြီးဆိုပြီး သူက ရေးပြပါတယ်။ လက်ရေးလေးက ၀ိုင်းလို့။ ဒါနဲ့ မေမေကချီးကျူး စကားပြောပါတယ်။

“ဟယ် သမီးလေးက တော်လိုက်တာ။ ကြည့်စမ်း သားတို့ သမီးတို့ရေ သဇင်လက်ရေးလေးက ၀ိုင်းနေတာပဲ” ဆိုပြီး ရိုးတို့ မောင်နှမသုံးယောက်ကို ခေါ်ပြတာပေါ့။ ဒီတော့ ရိုးတို့လည်း ကလေးစိတ်ကျေနပ်အောင် စာအုပ်ကိုဝိုင်းကြည့်ပြီး ဟာ တော်လိုက်တာ။ ဟယ် ဒါ သဇင်ရေးတာလား။ ဆိုပြီး အသီးသီး ချီးကျူးစကားတွေ ပြောကြတာပေါ့။

ဒီတော့ အားလုံးက ၀ိုင်းပြီး ချီးကျူးထောမနာပြုကြတဲ့အခါ မယ်သဇင်မာန်တက်သွားပုံရပါတယ်။ မျက်လုံးဝိုင်းဝိုင်းကြီးတွေမှာ အရည်တွေတလဲ့လဲ့နဲ့ ပြုံးပြုံးကြီး အားရပါးရပြောချလိုက်တာက ….

“ဒါကြောင့် သမီးက အမြဲတမ်း ဘဲဇီးကွက်ရတာပေါ့ ကြီးကြီးရဲ့” တဲ့
“ဟေ”
“ဘယ်လို”
“ဘာကြီး”
“ဘဲဇီးကွက် ဟုတ်လား”

အာမေဋိတ်သံတွေ သားအမိ လေးယောက်ဆီက အသီးသီးထွက်လာကြပါတော့တယ်။ ဒီအချိန်မှာ ရုံးက ပြန်လာတဲ့ဖေဖေက နားစွန်နားဖျားကြားပြီး “ဇီးကွက်ဆိုတာ ညမှထွက်တာလေ သဇင်ရဲ့” ဆိုပြီး ပြောပါတယ်။

“ဟာ… ဘဘကြီးကလည်း မဟုတ်ပါဘူး….သဇင်က တော်လို့ အမြဲတမ်း အတန်းထဲမှာဘဲဇီးကွက် ရတာကိုပြောပြနေတာပါ” တဲ့။ သူကတောင် ပြန်ရှင်းပြနေလိုက်သေး။`မေမေရော ဖေဖေပါ ခေါင်းကုတ်လိုက်ကြပြီး သဇင့်နားမှာ ထိုင်ချလိုက်ပါတယ်။
နောက်ပြီး တစ်ယောက် တစ်ခွန်း မေးကြတာပေါ့။

“သမီး ဆရာမက သမီးတော်လို့ အရုပ်ကလေးတွေလုပ်ပေးတာလား”
“ဟုတ်ပါဘူး ကြီးကြီးရဲ့”

“အော် သိပြီ ဇီးကွက်ရုပ်တွေ ဈေးထဲက ၀ယ်ပေးတာ ဟုတ်တယ်မို့လား”
“အာ… ကိုကြီးကလည်း ဟုတ်ပါဘူး”

“ဘယ်လိုလေးလဲ ဘဲဇီးကွက်က ပြောပြပါဦး ပုံစံလေးလေ”
“မမကြီးကလည်း ဒီလိုလေးလေ ဘောပင်အနီလေးနဲ့လုပ်ပေးတာ”

“အော်….. မင်နီနဲ့ ဘဲရုပ်ဆွဲပေးတာလား သဇင်ရဲ့”
“ဘဘကြီးကလည်း ဟုတ်ပါဘူးဆို”

ပြောရင်းနှင့် သဇင် စိတ်မရှည်တော့။ သူ့စာအုပ် အရှေ့ကို တဖျပ်ဖျပ်လှန်သည်။ သူဘာရှာနေပါလိမ့်။ အားလုံးကလည်း သူလှန်သမျှစာရွက်ကို လိုက်ကြည့်ရတာ ခေါင်းတွေ ဘယ်ညာယမ်းနေပြီ။ မတွေ့သေး။ ရှေ့မှနောက် နောက်မှရှေ့ သုံးလေး ခေါက်လှန်ပြီး သူစိတ်မရှည်တော့။ သဇင် မတ်တပ်ရပ်သည်။

တံခါး ပေါက်ဆီသို့ တစ်လှမ်းချင်း…
“ဟဲ့…ဟဲ့..ဘယ်သွားမလို့လဲ”
“နေဦးလေ သဇင်… မေမေ လာခေါ်မှ သွားရမယ်”

အားလုံးဝိုင်းတားနေစဉ်မှာပင် သဇင့်အမေ ခြံထဲဝင်လာသည်ကို မြင်လိုက်ကြရသည်။ သူ့အမေကို အိမ်ပေါ်ကိုပင် အတက် မခံ သဇင်က လက်ဆွဲပြီးခေါ်သွားသည်။ သူ့အမေခမျာ သဇင်ခေါ်ရာနောက် တကောက်ကောက်ပါသွားလေတော့သည်။ ရိုးတို့ လည်း သဇင်စိတ်ကောက်သွားပြီအထင်ဖြင့်သူ့စာအုပ်နှင့်ခဲတံလေးကို သိမ်းရင်း ဘဲဇီးကွက် အတွေးကိုယ်စီဖြင့် ငြိမ်နေ ကြစဉ် သဇင် အိမ်ပေါ်ပြန်ပြေးတက်လာသည်။ အမောတကော ဖြင့်လက်ထဲတွင်လည်း ဗလာစာအုပ်တစ်အုပ်ကို ကိုင်ထား သည်။

“ဘဘကြီး၊ ကြီးကြီး၊ မမကြီးနဲ့ ကိုကြီးတို့ ဒီမှာလာကြည့်။ သဇင့်ဘဲဇီးကွက်တွေ ဒီစာအုပ်ထဲမှာ အားကြီးပဲ”

ရိုးတို့လည်း အပြေးအလွှား သဇင့်နားမှာစုဝေးရောက်ရှိလာပြီးသူ့စာအုပ်ထဲငုံ့ကြည့်လိုက်စဉ် တွေ့လိုက်ရတာကလေးကြောင်း မျဉ်းတွင်ဝိုင်းစက်လှပစွာရေးထားသော သဇင့်လက်ရေးများ၏ ညာဘက်အောက် ထောင့်တွင်မင်နီဖြင့် သေသပ်စွာလတ် မှတ်ထိုး၍ အင်္ဂလိပ်လိုရေးထားသည့်ဆရာမ၏ Very Good စာလုံးပင်..။

အားလုံး ပါးစပ်အဟောင်းသားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြစဉ် သဇင့် အမေ၀င်ပြောလိုက်သော စကားကြောင့် မျက်လုံးများပင်ပြူးကျယ်သွားရတော့သည်။

“အဘနဲ့ အစ်မရယ် သဇင်လေးက ကျောင်းမှာအမြဲ ဘဲဇီးကွက်ရတာလေ…. ရမှာပေါ့ သူက ၀ရိန်းကောင်းတော့လေ……”

“ဟာ….လာပြန်ပဟ ၀ရိန်းကောင်းတယ် ဟုတ်လား” ဖေဖေ့မှာ ရုံးကပြန်လာကတည်းကဘာသာ စကားအသစ်များဖြင့် ချာ လပတ်ရမ်း နေရရှာသည်။

“ဟုတ်တယ်လေ အဘရဲ့…. ၀ရိန်းကောင်းတယ် သဇင်က….ဆရာမ သင်သမျှအားလုံး ခဏဆိုတတ်တာ.. မှတ်လည်း မှတ် မိတယ်… ကျွန်မတို့ကျတော့ ၀ရိန်းမကောင်းတော့ လေးတန်းနဲ့ထွက်ခဲ့ရတာ… တော်သေးတယ် အဘရေ… အမေနဲ့တူလို့ တော့ ၀ရိန်းကောင်းမှာဟုတ်ဘူး… သူ့အဖေနဲ့တူလို့နေမှာ”

ဒီတော့မှ ရိုးတို့ သဘောပေါက်သွားရတော့သည်။ ၀ရိန်းဆိုတာ သူက ဘိုလိုပြောနေတာကို Brain ကောင်းတယ် ပြောနေ တာကိုး။

ဂုဏ်ယူဝင့်ကြွားစွာပြောရင်း သဇင်ကလည်း မြောက်ကြွကြွဖြင့်သူ့စာအုပ်များကောက်သိမ်းကာ သားအမိနှစ်ယောက်ပြန် သွားကြလေတော့သည်။ ရိုးတို့ မိသားစုမှာသာ ပါးစပ်အဟောင်းသားဖြင့် ၀ရိန်းကောင်းသော သားအမိကိုငေးလျက်…။

"ပညာမြင့်ပြီး လူမျိုးတင့်နိုင်စေရန်"
ရည်ရွယ်လျက်.....

ရိုးပြေပြစ်အောင်
03102015 (Sat - 11:00PM)

(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၅ 

Open Source URL
http://moemaka.com/archives/46367