Saturday, September 26, 2015

အမေရိကန်သမ္မတ အားကျခဲ့ရတဲ့ အီရန်က ကလေးငယ်


2015-09-22 NetGuide Journal



ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

“ဒီနေ့က ကျွန်တော့်သား (၁၀) နှစ်ပြည့်တဲ့မွေးနေ့ပေါ့။ သူက သိပ်ခံစားတတ်တာ။ သူများရဲ့ ပြဿနာ တွေဆိုလည်း
သိပ်ဖြေရှင်းပေးချင် တယ်လေ”
“တစ်ခါက (၅) နှစ်သားအရွယ်မှာ ကျွန်တော်နဲ့အတူ သားကစတိုး ဆိုင်ကိုဈေးဝယ်ဖို့ လိုက်လာတယ်။ အဲဒီမှာ 
မက်မွန်သီးလတ်လတ်ဆတ် ဆတ်ရလို့ (၂) ပေါင် 
ဝယ်လိုက်တယ်။ ပြီးတော့ အဲဒီမက်မွန်သီးအိတ်ကို 
သူ့ကို သယ်ခိုင်းခဲ့တယ်”
“သူက တစ်လမ်းလုံး ကျွန်တော့်နောက်ခပ်လှမ်းလှမ်းကနေ လိုက်လာနေခဲ့တယ်။ ခဏလေးကြာတော့ 
မုန်လာဥ ထုတ်​ကို ကျွန်တော့်ကိုပေးဖို့ လှည့်တောင်းလိုက်​တယ်”
သူကချက်ချင်းပဲ ... “ပေးစရာမရှိတော့ဘူး ... သူများတွေကို ဝေပေးလို့ကုန်ပြီ” တဲ့လေ။ ကျွန်တော် သိလိုက်တယ် ... လူသားချင်းစာနာတတ်တဲ့ လူသားတစ်ယောက်ကို 
ကျွန်တော် မြေတောင်မြှောက်ခွင့်ရခဲ့ပြီ ဆိုတာကိုပါ။
(ထိဘရစ်မြို့၊ အီရန်နိုင်ငံ)
အဲဒီစာကို ဖတ်ပြီး Humans of New York Page ရဲ့ ပို့စ်အောက်မှာ အမေရိကန်သမ္မတ အိုဘားမားက ...
“သိပ်အားကျဖို့ ကောင်းတဲ့ဇာတ်လမ်းလေးပဲ၊ ကျေနပ်စရာအကောင်း ဆုံးစွမ်းဆောင်မှုနဲ့အတူ မိဘတစ်ယောက် 
အနေနဲ့ ခင်ဗျားလုပ်ပေးနိုင်တာကတော့ ကိုယ့်ကလေးဟာ သူ့လုပ်ရပ်အပေါ်မှာ သူဘာလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့အချိန်မှာ တန်ဖိုးထားတတ်အောင် ကြည့်တတ်ဖို့ပါပဲ”
“ဒီကလေးက ကျုပ်ရင်ကို ဆို့နစ်စွာခံစားရစေတယ်။ 
သူတစ်ပါးကို ကူညီတတ်တဲ့ ဒီသူငယ်လေးရဲ့ ဆန္ဒစိတ်ရင်း မပျောက်ဆုံးပါစေနဲ့လို့ ကျုပ်မျှော်လင့်တယ်”
“သူနဲ့ သူ့လို ကလေးတွေအတွက် သူတို့ဖြစ်ချင်တဲ့ 
ကမ္ဘာလေးမှာ နေရာတစ်ခုရဖို့အတွက်ကို 
တတ်နိုင် သလောက်လုပ်ပေးရင်း ကျုပ်ဆက်တိုက်လုပ်ဆောင်သွားမယ်”
“အကယ်၍ ဒီသူငယ်လေးနဲ့သာ တွေ့ခွင့်ရမယ်ဆိုရင် မက်မွန်သီး (၁) လုံးလောက် သိမ်းထားပေးရင် သိပ်ကောင်းမှာပဲ” လို့ Comment ၀င် ရေးသွားပါတယ်။




Credit >>> NetGuide Journal

Thursday, September 24, 2015

ပျော်​ရွှင်​မှု၏ အ​ကောင်းဆုံး လျှို့ဝှက်​ချက်




ပျော်​ရွှင်​မှု၏ အ​ကောင်းဆုံး လျှို့ဝှက်​ချက်​မှာ
စွန့်​လွှတ်​ခြင်း ဖြစ်​သည်​။

The best secret of happiness is renunciation.

(Andrew Carnegie)

အား



"နွား" ဖြစ်လို့
"အား" ဖြစ်ဖို့ "မြက်" ကိုစားရတယ်။

"ကျား" ဖြစ်လို့
"အား" ဖြစ်ဖို့ "အသက်"ကိုစားရတယ်။

"နွား"..နဲ့.."ကျား" ဟာ
 "အား" ဖြစ်ဖို့ အစားအစာ မတူပါလဲ။

"နွား"...က
"မြက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
တစ်ဖက်သားကို အပြိုင်ကူ။

"ကျား"..က
"အသက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
တစ်ဖက်သားကို အနိုင်ယူ။

အသုံးချပုံခြင်း မတူပေမယ့်....

"မြက်"..စားလို့ဖြစ်တဲ့ "အား" နဲ့
"နွား"ကို အပြစ်တင်လျှက် ဆူနေငြားလဲ။

(တစ်ကယ်တော့)

"အသက်" စားလို့ဖြစ်တဲ့ "အား" နဲ့
"ကျား" ဖြစ်ချင်တဲ့ သူတွေများတယ်။


လင်းထင်​ (အနာဂတ်​သစ်​)

ညီမ​လေးအတွက်



ညီမ​လေး​ရေ...
ဘဝဆိုတာ 
လွယ်​လွယ်​ပွင့်တဲ့ ပန်းမဟုတ်​ဘူး။

ဒါ​ကြောင့်...

အလိမ်​အညာနဲ့လာပြီး လှမ်းနိုင်​တဲ့ 
လက်​​ကမ်းမှုတွေကို
ညီမ​လေး အမြဲသတိပြုပါ။

မာယာနဲ့လာပြီး နမ်းနိုင်​တဲ့ 
နှုတ်​ခမ်း​​ပေါင်းများစွာကိုလည်း
ညီမ​လေး သတိထားပါ။

ကိုစိုင်းငယ်​(​တောင်​ကြီး)
30.August.2015(9:41PM)

Wednesday, September 23, 2015

လက်သမား ပုံပြင်


အသက်ကြီးကြီးနဲ့ လက်သမားတစ်ယောက်ဟာ အလုပ်က အနားယူဖို့ အဆင်သင့် ဖြစ်နေပါပြီ … အိမ်ဆောက်တဲ့ လုပ်ငန်းကို အနားယူပြီးတော့ သူ့ရဲ့ မိန်းမ … သူရဲ့ မိသားစုနဲ့ပဲ လက်ကျန်ဘဝကို အေးအေးဆေးဆေး နေတော့မယ့် အကြောင်း သူရဲ့ အလုပ်ရှင် ကန်ထရိုက်ကို ပြောပြပါတယ် … သူက အလုပ်ကိုတော့ သတိရနေမှာ ဖြစ်ပေမယ့် သူက အနားယူဖို့ လိုအပ်နေပါပြီ … သူရဲ့အလုပ်ရှင်က တားချင်ပေမယ့်လည်း မတားနိုင်တော့ပါဘူး … အလုပ်ရှင်က ပုဂ္ဂိုလ်ရေးအရ ညှာတာထောက်ထားပြီး အိမ်တစ်လုံးပဲ နောက်ဆုံး ဆောက်ပေးဖို့ သူ့ကို သွားပြောတဲ့အခါ စိတ်မကောင်းဖြစ်ရတယ် … လက်သမားက ဆောက်ပေးမယ်လို့ ပြောပေမယ့်လည်း သူက အလုပ်ဆက်လုပ်ဖို့ စိတ်မဝင်စားတော့တာကို မြင်သာ ထင်သာ ရှိလှပါတယ် … ။ အိမ်ကို ဆောက်တဲ့အခါလည်း ခပ်ညံ့ညံ့လက်ရာနဲ့ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး အဲဒီ အိမိကို ဆောက်ခဲ့တယ် … အဲဒီလို လုပ်လိုက်တာဟာ သူ့အတွက် ကံမကောင်းမှု တစ်ခုလို့ အဲဒီတုန်းက သူမသိခဲ့ဘူး …
ဒီလိုနဲ့ လက်သမားက အိမ်ကို လျော့ရိလျော့ရဲ့ နဲ့ဆောက်လိုက်တာ ပြီးသွားတဲ့အခါမှာ အလုပ်ရှင် ကန်ထရိုက်က အိမ်ကို လာစစ်တယ် … ပြီးတော့ အိမ်သော့ကို လက်သမားရဲ့ လက်ထဲကို ထည့်ပြီးတော့ “ ဒါဟာ မင်းရဲ့ အိမ်ပဲ ” “မင်းအတွက် ငါ့ရဲ့ လက်ဆောင်” လို့ အလုပ်ရှင်ကန်ထရိုက်က ပြောလိုက်ပါတယ် …
အဲဒီ အချိန်မှာတော့ လက်သမားဟာ ရှော့(ခ်) ရသွားတယ် … အရမ်းလည်း ရှက်မိသွားတယ် … တကယ်လို့သာ သူနောက်ဆုံး ဆောက်ခဲ့ရတဲ့ အိမ်ဟာ သူ ပိုင်ဆိုင်ရမယ့် အိမ်လို့ သိခဲ့မယ်ဆိုရင် ဒီထက် ကောင်းအောင် ဆောက်ခဲ့မှာပေါ့ အကောင်းဆုံးလက်ရာနဲ့ အကောင်းဆုံးပစ္စည်းတွေ သုံးပြီး ဆောက်ခဲ့မှာပေါ့ … ခုတော့ သူဖြစ်သလို ဆောက်ခဲ့တဲ့ အိမ်မှာပဲ သူနေရတော့မယ် … ဘာမှ ပြင်လို့ မရတော့ဘူး …
ပုံပြင်လေးက ဒီမှာပဲ အဆုံးသတ်သွားပါတယ် … အွန်လိုင်းမှာ ဒီပုံပြင်ကို ဖတ်ပြီးတဲ့ အခါ ကျွန်တော့် ခံယူချက်နဲ့ အရမ်းတိုက်ဆိုင်နေလို့ ပြန်မျှဝေလိုက်ပါတယ် … ကျွန်တော့် wall မှာ တင်ထားတဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် မမျှော်လင့်ပါနဲ့” နဲ့ ထပ်တူကျတယ်လို့ ခံစားရပါတယ် … ရချင်လို့လုပ်တာ မဖြစ်ပါစေနဲ့ … ဆိုလိုတာက အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး မဖြစ်ပါစေနဲ့ … ဒါပေမယ့် ကျွန်တော်တို့က ခက်သားဗျ … ဘုရားသွားပြီး ဆီမီး၊ ပန်း၊ ရေချမ်း လောက် ပူဇော်တယ် တောင်းတဲ့ဆုက ဇောတိက၊ ဇဋိလ သူဌေးလောက် ဖြစ်နေတယ် …. ။ ကျွန်တော့်တို့ ဘဝတွေဟာ ကျွန်တော်တို့ ဖန်တီးတဲ့ အတိုင်း ရရှိနေကြတာပါ …. ။
လက်သမား နေရာက စာဖတ်သူများ စဉ်းစားကြည့်ပါ … အစောကြီးကတည်းက ဒီအိမ်ကို သူရမယ် မှန်းသိရင် အခုလုပ်နေတဲ့ပုံစံမျိုး လုံးဝ လုပ်မှာ မဟုတ်ပါဘူး … သေချာပါတယ် … အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပါလိမ့်မယ် … ဒါဟာ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ ဘဝပါပဲ …
ဘဝမှာ တစ်ရက်တည်းပဲ နေရတော့မယ်ဆိုရင်တောင် မှ အဲဒီ တစ်ရက်ကို ဂုဏ်သိက္ခာရှိရှိနဲ့ လိပ်ပြာသန့်သန့် ရှင်သန်လိုက်ပါ … ကိုယ့်ဘဝရဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို ကိုယ်ကိုယ်တိုင် က ဖန်တီးခဲ့တယ် ဆိုတာ စာဖတ်သူများ အကြွင်းမဲ့ ယုံကြည်လိုက်ပါ ….
ဒီထက်ပိုပြီး ရှင်းလင်းအောင် ပြောရရင် ဒီနေ့ ကြုံတွေ့နေရတဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ အတိတ်က ကံ တနည်းပြောရင် အလုပ်တွေကြောင့်ပါ … အဲဒီလိုပဲ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် ကောင်းကျိုး ဆိုးပြစ်တွေဟာ ဒီနေ့လုပ်နေတဲ့ အလုပ်တွေ (ဝါ) ကံတွေကြောင့် ဆိုတာ မိတ်ဆွေ ယုံကြည်လိုက်ပါ … ဒီစကားတွေဟာ ကျွန်တော်ပြောတာ မဟုတ်ပါဘူး … မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဟောကြားခဲ့တာပါ …
ဒါကြောင့် “ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် … မမျှော်လင့်ပါနဲ့” ကိုယ်လုပ်လိုက်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အားလုံးကို ကိုယ်တိုင် ခံစားရမှာ သေချာပါတယ် …
ဒီအကြောင်းအရာလေးကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ခံစားမိသမျှ ပြန်မျှဝေတာပါ … စာဖတ်သူများ ဆက်ပြီး တွေးကြည့်ပါ … တစ်ခုခုတော့ရမယ်လို့ မျှော်လင့်ပါတယ် …

အောင်ကိုဦး(UMK)
Be The Best !

zarni.info

သစ်ခုတ်သမားပုံပြင်


ဟိုးရှေးရှေးတုန်းကပေါ့။ အင်မတန် ခွန်အားဗလနဲ့ ပြည့်စုံတဲ့ သစ်ခုတ်သမား တစ်ယောက်ရှိတယ်တဲ့။ သူက သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်တောင်းတဲ့အခါ သစ်ကုန်သည်က သူ့ကို လိုလိုလားလားနဲ့ လက်ခံပြီး လုပ်အားခလည်း ကောင်းကောင်းပေးတယ်တဲ့။ အဲဒါနဲ့ သစ်ခုတ်သမားကလည်း အရမ်းကျေနပ်ပြီး ငါအကောင်းဆုံး လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်သတဲ့။

အလုပ်ရှင် သစ်ကုန်သည် သူဌေးက သစ်ခုတ်သမားကို ပုဆိန်တစ်ခု ပေးပြီး သစ်ခုတ်ရမဲ့ နေရာကိုလည်း ပြတယ်တဲ့။

ပထမနေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ပင် ခုတ်နိုင်တယ်တဲ့။

သူဌေးက "ဂုဏ်ယူပါတယ်ကွာ။ ဒီအတိုင်း ဆက်ကြိုးစား။" လို့ ပြောတယ်တဲ့။

သူ့အလုပ်ကို ချီးကျူးတာခံရတော့ သစ်ခုတ်သမားလည်း ပျော်တာပေါ့နော်။ အဲဒါနဲ့ နောက်နေ့ကျတော့ အလုပ်ကို ပိုပြီး ကြိုးစားလုပ်တယ်။ ဒါပေမဲ့ အဲဒီ ဒုတိယနေ့မှာ သစ်ပင် ၁၅ပင်ပဲ ခုတ်နိုင်တယ်တဲ့။

တတိယနေ့မှ အရင်ထက်တောင် ပိုပြီး ကြိုးကြိုးစားစားနဲ့ ခုတ်ပြန်တယ်။ ဒါပေမဲ့လည်း ၁၀ပင်ပဲ ခုတ်နိုင်သတဲ့လေ။

အဲလိုနဲ့ တနေ့ပြီးတနေ့ သူခုတ်တဲ့ အပင်အရေအတွက်ဟာ နည်းနည်းလာတယ်။ သစ်ခုတ်သမားက တွေးမိတယ်။ "ငါ့ခွန်အားတွေ နည်းလာတာပဲ ဖြစ်ရမယ်" လို့ပေါ့။ အဲဒါနဲ့ သူဌေးဆီသွားပြီး တောင်းပန်တယ်။ သူအလုပ်ကြိုးစားပါရက်နဲ့ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာ  သူနားမလည်နိုင်ကြောင်းလည်း ပြောပြတယ်။

သူဌေးက မေးတယ်။ "မင်းပုဆိန်ကို ဘယ်အချိန်က နောက်ဆုံး သွေးခဲ့တာလဲ" တဲ့။

"ပုဆိန်သွေးဖို့ ... ဟုတ်လား .. ကျွန်တော့မှာ ပုဆိန်သွေးဖို့ အချိန်တောင် မရပါဘူးဗျာ။ သစ်ခုတ်နေရတာနဲ့ပဲ အလုပ်က အရမ်းများနေတာ....."

  စာဖတ်သူပရိတ်များ ဒီပုံပြင်လေး ကို ဖတ်ပြီး အတွေးရသ တစ်ခုခုရစေမယ်လိုကမျှော်လင့်ပါတယ်။

၃၀.၀၈.၁၁
မူရင်း - Stephen Covey ၏ Busy

Credit >>> https://www.facebook.com/note.php?note_id=244479585593152





 

လူမသိ၊ သူမသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား


စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။
ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...
ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ???
တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ???
ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...
ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...
၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။
ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်...
အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။
အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...
သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့်
နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့................။
သမိုင်းမှတ်စုများမှကူးယူဖော်ပြသည်!!!!
Credit to Thet Soe Htike
စာဖတ်သူမိတ်ဆွေအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ။