Wednesday, October 21, 2015

သူငယ်ချင်းတို့အချိန်လေးနည်းနည်းပေးပြီးဖတ်ကြည့်စေချင်ပါတယ်။အရမ်းကောင်းတဲ့ပုံပြင်လေးပါ။


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်… ဘာကြောင့်လဲ”
“ဒီိလို လူလေးရဲ့… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်… ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
ပုံပြင်လေးကတော့ ဒါပါပဲ။
အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။
“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”
လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။
ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။
ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။
“လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်”
အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။
(BankOfKnowledge)


Monday, October 12, 2015

မိုက်ခရိုဆော့ဖ်


မိုက်ခရိုဆော့ဖ်သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ် ရက်မွန်တွင် ရုံးချုပ်တည်ကာ ကွန်ပျူတာဆော့ဝဲလ်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တကိုယ်ရေးသုံးကွန်ပျူတာ နှင့် အခြား နည်းပညာဝန်ဆောင်မှုများကို ထုတ်လုပ်၊ ရောင်းချ၊ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထုတ်လုပ်ရောင်းချနေသော ဆော့ဝဲလ်များထဲမှ မိုက်ခရိုဆော့ဖ် ဝင်းဒိုး၊ မိုက်ခရိုဆော့ဖ် အော့ဖစ် တို့မှာ လူသုံးများပြီး လူသိအများဆုံး ဖြစ်သည်။ ရောင်းချနေသော အီလက်ထရောနစ် ပစ္စည်းများထဲတွင် အိတ်စ်ဘောက် (X-Box) ဂိမ်းနှင့် မိုက်ခရိုဆော့ဖ် ဆာဖေ့ (Microsoft Surface) ကျောက်သင်ပုန်းကွန်ပျူတာတို့မှာ အဓိက ထုတ်ကုန်များ ဖြစ်သည်။ မိုက်ခရိုဆော့ဖ်သည် ဝင်ငွေများအရ ဆော့ဝဲလ်ကုမ္ပဏီများထဲတွင်အကြီးဆုံးဖြစ်သည်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲတွင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ရေပူစမ်း


ရဲလိုးစတုန်း အမျိုးသားဥယျာဉ်ရှိ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ရေပူစမ်း Grand Prismatic Spring

Tuesday, October 06, 2015

အ​ရှေ့​တောင်​အာရှတွင်


Credit >>> Google Image

အ​ရှေ့​တောင်​အာရှတွင်​ ကိုလိုနီလက်​​အောက်​မှ
အ​စောဆုံးလွတ်​​မြောက်​ခဲ့သည့် နိုင်​ငံမှာ
စင်္ကာပူနိုင်​ငံဖြစ်​ပြီး ကိုလိုနီမဖြစ်​ခဲ့​သော နိုင်​ငံမှာ
ထိုင်းနိုင်​ငံဖြစ်​သည်​။

Credit >>> Google Image

မဟာဆိုင်းရပ်​စ်​ ဘုရင်​ကြီး


Credit - Google Image

ပါရှားပြည်​ကို (ဘီစီ ၅၅၈ - ၅၂၉ ထိ) စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်​စ်​ ဘုရင်​ကြီးဟာ
နတ်​ရွာစံ​သေလွန်​ခဲ့တာ နှစ်​​ပေါင်း (၂၄၉၅)နှစ်
ကျော်​ပြီ ဖြစ်​​ပေမယ့် ယ​နေ့​ခေတ်​အထိ 
ကျွန်​​တော်​တို့ရဲ့ ဘဝ​တွေအ​ပေါ်မှာ သြဇာအရှိန်​အဝါ သက်​​ရောက်​မှု​တွေ ရှိ​နေပါ​သေးတယ်​။

သူ့​ကြောင့်...
တစ်​ရက်​မှာ ​နေ့နဲ့ည နှစ်​ပိုင်းခွဲခြားပြီး 
နေ့(၁၂) နာရီ ၊ ည (၁၂) နာရီလို့
ကျွန်​​တော်​တို့ ပိုင်းခြားနိုင်​ခဲ့တယ်​။

အ​ရေအတွက်​ပြုတဲ့အခါ
ဒါဇင်​ (၁၂ ခု ) ဆိုတာ သုံးနိုင်​ခဲ့တယ်​။

ဗိသုကာအတတ်​ပညာ အ​ဆောက်​အဦး​ဆောက်​လုပ်​တဲ့အခါ ကျောက်​သား (သို့) 
သစ်​သားတိုင်​လုံးကြီး​တွေကို သုံးနိုင်​ခဲ့တယ်​။

ပြီး​တော့ ...
သူဟာ ​ဘောင်းဘီရှည်​ကို ပထမဦးဆုံး 
ဝတ်​ဆင်​ခဲ့သူလည်း ဖြစ်​ပါတယ်​။

ဆရာ​မောင်​သိန်းလွင်

မှတ်​ချက်

(ဤစာကို ဆရာ​မောင်​သိန်းလွင်
The Light English Magazine တွင်​​ရေးသား​ဖော်​ပြခဲ့စဉ်​က (2002) ခုနှစ်
(August) က ဖြစ်​ပါသည်​။
ကျွန်​​တော့ဘ​လော့တွင်​ စာစီကူးယူ
ပြန်​လည်​ဖော်​ပြသည်​မှာ (2015) ဖြစ်​​​၏။
ထို့​ကြောင့်​ မဟာဆိုင်းရပ်​စ်​ ဘုရင်​ကြီး
နတ်​ရွာစံ​သေလွန်​ခဲ့သည်​မှာ ယခုဆိုလျှင်
နှစ်​​ပေါင်း (2508) ရှိပြီဖြစ်​​လေသည်​။)

( 2495 + 13 = 2508 )

Guests (ဧည့်​သည်​များ)


To shine only for a moment,
We get to the earth.
In ups and downs of life,
While securing ourselves.
And breathing the breeze of fate,
We struggle to live.
While searching the meaning of life,
We're bound to leave the earth
For an unknown place.

Aye Aye Thinn


Credit - Google Image

ခဏ​လေး ​တောက်​ပဖို့
ကမ္ဘာ​မြေကို ငါတို့​ရောက်​လာကြတယ်​။
လောကဓံများရဲ့ အလယ်
ကိုယ့်​ကိုယ်​ကို ကယ်​ဆယ်​ရင်း
ကံကြမ္မာရဲ့ ​လေညင်းကို ရှူရှိုက်​လို့
ရှင်​သန်​ဖို့ ကြိုးစား
ဘဝဆိုတာ ဘာများလဲ.....
စူးစမ်းဆဲ ရှာ​ဖွေဆဲမှာ 
ကမ္ဘာ​မြေကို ခွဲခွာ
မသိနိုင်​တဲ့ တစ်​​နေရာဆီ
ငါတို့ သွားကြရဦးမယ်​။

အေး​အေးသင်း

The Light English Magazine
No.92,August,2002 မှ တစ်​ဆင့်
ပြန်​ကူးယူ ​ဖော်​ပြသည်​။


Monday, October 05, 2015

ဝရိန်းကောင်းကြသူများ

Credit - Google Image

ရိုးဖေဖေက ၀န်ထမ်းဆိုတော့ နယ်တွေကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတယ်။ ဒီတော့ ရိုးတို့လည်း ဖေဖေပြောင်းသမျှ မြို့တွေနောက်တကောက်ကောက်လိုက်ရင်း နယ်မြေအစုံ ဒေသအစုံမှာ တိုင်းရင်း သားပေါင်းစုံလူမျိုးပေါင်းစုံ ဓလေ့အစုံနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဟိုပြောင်း သည်ရွှေ့နဲ့မို့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်း မရှိတာကလွဲလို့ရောက်ရာ ဒေသမှာ ခင်ခင်မင်မင်နေတတ်တာမို့ အပေါင်းအသင်းတော့ စုံခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်မယ်ဆို တော့မှသာ ဖေဖေတာဝန်ကျတဲ့မြို့မှာ ကိုယ်ယူတဲ့မေဂျာက မရှိသေးတာကြောင့် မန္တလေးမှာ သွားတက်ခဲ့ရတာ။ ကျောင်းပြီး သွားတော့တစ်ခါ လုပ်ငန်းခွင်မ၀င်ခင်စပ်ကြား ဖေဖေတာဝန်ကျရာမြို့တွေကို လိုက်သွားပြန်ရော။ ဒီအချိန်မှာတော့ ကိုယ် ကကျောင်းကလည်း ပြီးကာစသင်ယူလိုစိတ်ကလည်းပြင်းထန်နေတဲ့အချိန်ဆိုတော့ အရာရာကို ငယ်စဉ်ကလို အမှုမဲ့ အမှတ်မဲ့ သိပ်မနေဖြစ်တော့ဘူး။ ရောက်ရာဒေသမှာ ဒေသန္တရဗဟုသုတရှာဖွေတာမျိုး၊ ဒေသခံတိုင်းရင်းသားတွေနဲ့ စကား စမြည်ပြောတာမျိုး၊ ရိုးရာဓလေ့ထုံးစံတွေကို လေ့လာတာမျိုးတွေ လုပ်တတ်လာတဲ့အချိန်ပေါ့။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေဆက်သွားရတဲ့ တနိုင်းဆိုတဲ့မြို့ကလေးမှာ ဖေဖေတာဝန်ကျစဉ်ကပေါ့။ ရိုးကလည်း ကျောင်းပြီးတော့ လုပ်ငန်းခွင်ဝင်ဖို့စောင့်နေချိန်၊ မောင်လေးအလတ်ကလည်း နောက်ဆုံးနှစ်ဖြေပြီးကာစ၊ မောင်လေးအငယ် ဆုံးက ဆယ်တန်းဖြေပြီးကာစအချိန်။ မိသားစုစုံစုံလင်လင်နေရတဲ့အချိန်က နည်းပါးတော့ အားလုံးစုံမိချိန်မှာ တနိုင်းမြို့ ဆိုတာ အင်မတန် ခြောက်ကပ်ပျင်းရိဖွယ် ကောင်းပေမယ့် ပျော်အောင်နေနိုင်ခဲ့ကြတယ်။ တနိုင်းရဲ့ ရာသီဥတုက ရိုးတို့လို မြေပြန့်ဒေသမှာကြီးပြင်းခဲ့တဲ့သူတွေအတွက်ဆိုရင်တော့ ကြမ်းတယ်လို့ဆိုရမလားပဲ။ နံနက်အစောပိုင်းမှာ မြူတွေ နှင်းတွေ ကျနေတတ်ပြီး နံနက် ၉ နာရီလောက်ဆိုရင် ထွက်လာတဲ့နေက မခံနိုင်အောင်ကို ပူလွန်းလှတယ်။ အဲ…နေ့လယ် ၂ နာရီလောက်ရောက်ပြီဆိုရင်တော့ မိုးတွေ သည်းသည်းမည်းမည်း ရွာချပြန်ပါလေရော။ ဒါကြောင့် တစ်ရက်ထဲမှာတင် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးကိုခံစားနေရပါလားလို့ မေမေက အမြဲပြောလေ့ရှိပါတယ်။

တနိုင်းမှာ သွားစရာ လာစရာ လည်စရာ ပတ်စရာကလည်း အင်မတန်နည်းပါတယ်။ တရုံချောင်းလို့ခေါ်တဲ့ သာယာလှပတဲ့ ချောင်းရှိပေမယ့်လည်း တစ်ခါတစ်ရံကလွဲလို့ မသွားဖြစ်ပါဘူး။ စားစရာ သောက်စရာလည်း အင်မတန်ရှားပါးပါတယ်။ တစ် ခုခုစားချင်ရင် မြစ်ကြီးနားကို လူကြုံနဲ့မှာရတယ်။ သူ့ဒေသ ထွက်ကုန်တော့ ရှိတာပေါ့လေ။ ရိုးတို့ကတော့ မိသားစု ၅ ယောက်နဲ့တင် ပျော်အောင်နေတတ်တာက သဘာဝဖြစ်နေပြီဆိုတော့ ဖေဖေကအိမ်ရှေ့မှာ ကြက်တောင်ကွင်းလုပ်ပေး ထားတယ်။ မိုးမရွာရင် ကြက်တောင်ရိုက်တယ်။ မိုးရွာရင် အိမ်ထဲမှာ ပင်ပေါင်ခုံလုပ်ပေးထားတော့ ပင်ပေါင်ရိုက်တယ်။ မဟုတ်ရင် ဂစ်တာတီးကြ သီချင်းဆိုကြနဲ့ ပျော်စရာပါပဲ။

နီးစပ်ရာဝန်ထမ်းတွေက မအားလပ်တဲ့အခါ သူတို့ကလေးတွေကို ရိုးတို့မောင်နှမက ခေါ်ထိန်းပေးကြပါတယ်။ ကလေးချစ် တတ်သူတွေကိုး။ သူတို့မိဘတွေအစည်းအဝေးသွားတဲ့အခါ စုပေါင်းသန့်ရှင်းရေးသွားလုပ်ကြတဲ့အခါ ရိုးတို့မောင်နှမသုံး ယောက်က ကလေးတွေကို ထိန်းပေးကြတယ်၊ တစ်ခါတစ်လေလည်း သူတို့အိမ်စာမပြီးသေးတဲ့အခါ စာပါသင်ပေးရတာပေါ့။ စိတ်လည်းရှည်ကြတော့ကလေးတွေကလည်း အိမ်မှာပျော်နေကြတယ်လေ။

အဲ….. အဲဒီမှာဇာတ်လမ်းကစတာ။

ကလေးတွေ အားလုံးထဲမှာ သဇင်ဆိုတဲ့ကလေးမလေးက ထူးခြားတယ်။ သူကစကားလည်းသိပ် မပြောဘူး။ သူ့မျက်လုံး လေးတွေက ၀ိုင်းစက်ပြီး မည်းနက်နေတော့ထင်ရှားတယ်။ သူက လူကြောက်တတ်ပုံ ပေါ်တယ်။ လူများလာရင်ထောင့်တစ် နေရာမှာကပ်ပြီးနေတတ်တယ်။ ဒါကို ရိုးက သတိထားမိတယ်။ ဒါကြောင့် လူများလာရင် သူ့ကို အနားခေါ်ထားရတယ်။ သူက မိန်းကလေးဆိုတော့ အလှအပကတော့ကြိုက်သား။ နှုတ်ခမ်းနီလေးများ သူ့အမေကဆိုးပေးထားလိုက်ရင် ဘာမှကို ကျွေးလို့မရတော့တဲ့သူ။

တစ်ရက်မှာတော့ နေ့လယ်ခင်း အေးအေးလူလူ သားအမိတွေစကားပြောနေကြတုန်း သဇင်ရောက်လာပါတယ်။ သူ့အမေက စုပေါင်းသန့်ရှင်းရေးလုပ်ရမှာမို့ လာအပ်သွားတာ။ သူ့မှာ စာအုပ်နဲ့ ခဲတံပါလာတဲ့အတွက် အိမ်စာကျန်သေးတယ်လို့ သိလိုက် ပါတယ်။ ဒါနဲ့ မေမေကပဲ ….

“လာ..လာ သဇင်လာ….အိမ်စာတွေ ကျန်နေသေးတာလား။ ကြီးကြီးနဲ့ အတူတူရေးကြမယ်နော်” ဆိုတော့ သဇင် ခေါင်း ညိမ့်တယ်။ မေမေ့အနားလာပြီး စာရေးဖို့ပြင်ဆင်တယ်။ သူရေးရမယ့် စာမျက်နှာရောက်တော့ သူ စရေးတယ်။ သဇင်က သူငယ်တန်းကျောင်းသူလေးပါ။ အဲဒီနေ့က သူရေးရမယ့် သင်ခန်းစာက `ထ´ ကို နှစ်မျက်နှာရေးရမှာ။ မေမေက သမီးလေး ရေးတတ်လားဆိုတော့ ရေးတတ်တယ်ကြီးကြီးဆိုပြီး သူက ရေးပြပါတယ်။ လက်ရေးလေးက ၀ိုင်းလို့။ ဒါနဲ့ မေမေကချီးကျူး စကားပြောပါတယ်။

“ဟယ် သမီးလေးက တော်လိုက်တာ။ ကြည့်စမ်း သားတို့ သမီးတို့ရေ သဇင်လက်ရေးလေးက ၀ိုင်းနေတာပဲ” ဆိုပြီး ရိုးတို့ မောင်နှမသုံးယောက်ကို ခေါ်ပြတာပေါ့။ ဒီတော့ ရိုးတို့လည်း ကလေးစိတ်ကျေနပ်အောင် စာအုပ်ကိုဝိုင်းကြည့်ပြီး ဟာ တော်လိုက်တာ။ ဟယ် ဒါ သဇင်ရေးတာလား။ ဆိုပြီး အသီးသီး ချီးကျူးစကားတွေ ပြောကြတာပေါ့။

ဒီတော့ အားလုံးက ၀ိုင်းပြီး ချီးကျူးထောမနာပြုကြတဲ့အခါ မယ်သဇင်မာန်တက်သွားပုံရပါတယ်။ မျက်လုံးဝိုင်းဝိုင်းကြီးတွေမှာ အရည်တွေတလဲ့လဲ့နဲ့ ပြုံးပြုံးကြီး အားရပါးရပြောချလိုက်တာက ….

“ဒါကြောင့် သမီးက အမြဲတမ်း ဘဲဇီးကွက်ရတာပေါ့ ကြီးကြီးရဲ့” တဲ့
“ဟေ”
“ဘယ်လို”
“ဘာကြီး”
“ဘဲဇီးကွက် ဟုတ်လား”

အာမေဋိတ်သံတွေ သားအမိ လေးယောက်ဆီက အသီးသီးထွက်လာကြပါတော့တယ်။ ဒီအချိန်မှာ ရုံးက ပြန်လာတဲ့ဖေဖေက နားစွန်နားဖျားကြားပြီး “ဇီးကွက်ဆိုတာ ညမှထွက်တာလေ သဇင်ရဲ့” ဆိုပြီး ပြောပါတယ်။

“ဟာ… ဘဘကြီးကလည်း မဟုတ်ပါဘူး….သဇင်က တော်လို့ အမြဲတမ်း အတန်းထဲမှာဘဲဇီးကွက် ရတာကိုပြောပြနေတာပါ” တဲ့။ သူကတောင် ပြန်ရှင်းပြနေလိုက်သေး။`မေမေရော ဖေဖေပါ ခေါင်းကုတ်လိုက်ကြပြီး သဇင့်နားမှာ ထိုင်ချလိုက်ပါတယ်။
နောက်ပြီး တစ်ယောက် တစ်ခွန်း မေးကြတာပေါ့။

“သမီး ဆရာမက သမီးတော်လို့ အရုပ်ကလေးတွေလုပ်ပေးတာလား”
“ဟုတ်ပါဘူး ကြီးကြီးရဲ့”

“အော် သိပြီ ဇီးကွက်ရုပ်တွေ ဈေးထဲက ၀ယ်ပေးတာ ဟုတ်တယ်မို့လား”
“အာ… ကိုကြီးကလည်း ဟုတ်ပါဘူး”

“ဘယ်လိုလေးလဲ ဘဲဇီးကွက်က ပြောပြပါဦး ပုံစံလေးလေ”
“မမကြီးကလည်း ဒီလိုလေးလေ ဘောပင်အနီလေးနဲ့လုပ်ပေးတာ”

“အော်….. မင်နီနဲ့ ဘဲရုပ်ဆွဲပေးတာလား သဇင်ရဲ့”
“ဘဘကြီးကလည်း ဟုတ်ပါဘူးဆို”

ပြောရင်းနှင့် သဇင် စိတ်မရှည်တော့။ သူ့စာအုပ် အရှေ့ကို တဖျပ်ဖျပ်လှန်သည်။ သူဘာရှာနေပါလိမ့်။ အားလုံးကလည်း သူလှန်သမျှစာရွက်ကို လိုက်ကြည့်ရတာ ခေါင်းတွေ ဘယ်ညာယမ်းနေပြီ။ မတွေ့သေး။ ရှေ့မှနောက် နောက်မှရှေ့ သုံးလေး ခေါက်လှန်ပြီး သူစိတ်မရှည်တော့။ သဇင် မတ်တပ်ရပ်သည်။

တံခါး ပေါက်ဆီသို့ တစ်လှမ်းချင်း…
“ဟဲ့…ဟဲ့..ဘယ်သွားမလို့လဲ”
“နေဦးလေ သဇင်… မေမေ လာခေါ်မှ သွားရမယ်”

အားလုံးဝိုင်းတားနေစဉ်မှာပင် သဇင့်အမေ ခြံထဲဝင်လာသည်ကို မြင်လိုက်ကြရသည်။ သူ့အမေကို အိမ်ပေါ်ကိုပင် အတက် မခံ သဇင်က လက်ဆွဲပြီးခေါ်သွားသည်။ သူ့အမေခမျာ သဇင်ခေါ်ရာနောက် တကောက်ကောက်ပါသွားလေတော့သည်။ ရိုးတို့ လည်း သဇင်စိတ်ကောက်သွားပြီအထင်ဖြင့်သူ့စာအုပ်နှင့်ခဲတံလေးကို သိမ်းရင်း ဘဲဇီးကွက် အတွေးကိုယ်စီဖြင့် ငြိမ်နေ ကြစဉ် သဇင် အိမ်ပေါ်ပြန်ပြေးတက်လာသည်။ အမောတကော ဖြင့်လက်ထဲတွင်လည်း ဗလာစာအုပ်တစ်အုပ်ကို ကိုင်ထား သည်။

“ဘဘကြီး၊ ကြီးကြီး၊ မမကြီးနဲ့ ကိုကြီးတို့ ဒီမှာလာကြည့်။ သဇင့်ဘဲဇီးကွက်တွေ ဒီစာအုပ်ထဲမှာ အားကြီးပဲ”

ရိုးတို့လည်း အပြေးအလွှား သဇင့်နားမှာစုဝေးရောက်ရှိလာပြီးသူ့စာအုပ်ထဲငုံ့ကြည့်လိုက်စဉ် တွေ့လိုက်ရတာကလေးကြောင်း မျဉ်းတွင်ဝိုင်းစက်လှပစွာရေးထားသော သဇင့်လက်ရေးများ၏ ညာဘက်အောက် ထောင့်တွင်မင်နီဖြင့် သေသပ်စွာလတ် မှတ်ထိုး၍ အင်္ဂလိပ်လိုရေးထားသည့်ဆရာမ၏ Very Good စာလုံးပင်..။

အားလုံး ပါးစပ်အဟောင်းသားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြစဉ် သဇင့် အမေ၀င်ပြောလိုက်သော စကားကြောင့် မျက်လုံးများပင်ပြူးကျယ်သွားရတော့သည်။

“အဘနဲ့ အစ်မရယ် သဇင်လေးက ကျောင်းမှာအမြဲ ဘဲဇီးကွက်ရတာလေ…. ရမှာပေါ့ သူက ၀ရိန်းကောင်းတော့လေ……”

“ဟာ….လာပြန်ပဟ ၀ရိန်းကောင်းတယ် ဟုတ်လား” ဖေဖေ့မှာ ရုံးကပြန်လာကတည်းကဘာသာ စကားအသစ်များဖြင့် ချာ လပတ်ရမ်း နေရရှာသည်။

“ဟုတ်တယ်လေ အဘရဲ့…. ၀ရိန်းကောင်းတယ် သဇင်က….ဆရာမ သင်သမျှအားလုံး ခဏဆိုတတ်တာ.. မှတ်လည်း မှတ် မိတယ်… ကျွန်မတို့ကျတော့ ၀ရိန်းမကောင်းတော့ လေးတန်းနဲ့ထွက်ခဲ့ရတာ… တော်သေးတယ် အဘရေ… အမေနဲ့တူလို့ တော့ ၀ရိန်းကောင်းမှာဟုတ်ဘူး… သူ့အဖေနဲ့တူလို့နေမှာ”

ဒီတော့မှ ရိုးတို့ သဘောပေါက်သွားရတော့သည်။ ၀ရိန်းဆိုတာ သူက ဘိုလိုပြောနေတာကို Brain ကောင်းတယ် ပြောနေ တာကိုး။

ဂုဏ်ယူဝင့်ကြွားစွာပြောရင်း သဇင်ကလည်း မြောက်ကြွကြွဖြင့်သူ့စာအုပ်များကောက်သိမ်းကာ သားအမိနှစ်ယောက်ပြန် သွားကြလေတော့သည်။ ရိုးတို့ မိသားစုမှာသာ ပါးစပ်အဟောင်းသားဖြင့် ၀ရိန်းကောင်းသော သားအမိကိုငေးလျက်…။

"ပညာမြင့်ပြီး လူမျိုးတင့်နိုင်စေရန်"
ရည်ရွယ်လျက်.....

ရိုးပြေပြစ်အောင်
03102015 (Sat - 11:00PM)

(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၅ 

Open Source URL
http://moemaka.com/archives/46367