Friday, September 15, 2017
မိုးတွေရွာရင်
Photo - myanmarpeoplemagazine
(၁)
ကောင်းကင်တစ်ခွင်လုံး မည်းညှို့ညှို့ အရောင်သမ်းလာပြီဆိုလျှင် ကျွန်တော်တို့စိတ်ညစ်ရပြီဖြစ်သည်။ မိုးတွေရွာတော့မည်။ ကောင်းကင်မည်းမည်းကြီးက တစ်ဝေါဝေါအသံတွေခေါ်လာပြီး မိုးစက်မိုးပေါက်တွေနှင့် ကမ္ဘာမြေပြင်ပေါ် ကြဲချ 
တော့မည်။ ကျွန်တော်နှင့် သက်ထွေး တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ငိုမဲ့မဲ့ဖြစ်ကြတော့မည်လေ။ မိုးရွာပြီဆိုလျှင် ကျွန်တော်တို့နှစ်ယောက် ခါတိုင်းထက်ပိုပြီး အလုပ်ရှုပ်ရတော့မည်။
ကျွန်တော်တို့အလုပ်လုပ်ရာ ၀ပ်ရှော့ကိုလာသည့် ကားများ၏ အတွင်းပိုင်းနှင့် အင်ဂျင်ရေမစိုအောင် ကာကွယ်ဖို့လုပ်ရမည်။ အပြင်မှာ ပြင်လက်စထားသည့် တာယာကြီးများ၊ လေပိုက်များ၊ ဂွများ၊ ပစ္စည်းပစ္စယများ အားလုံးကို ၀ပ်ရှော့ထဲမိုးလုံရာနေရာကို ရွှေ့ပြောင်းပို့ရမည်။
ဦးစိုးအောင်နှင့် ဦးသိန်းဝင်းတို့ ကားပြင်နေ လက်စဆိုပါက မိုးရွာထဲလည်းမရှောင်ရဘဲ သူတို့ အနားမှာနေပြီး ပစ္စည်းတွေကမ်းပေးရမည်။ ကားအောက်ထဲဝင်နေသည့် ဦးသိန်းဝင်းက အထဲကနေပြီး ဘာလေးကမ်းပေးပါဟေ့ ဆိုလျှင် အပြင်ကနေ 
ပြီး ငုတ်တုတ်ထိုင်စောင့်နေရသည့် ကျွန်တော်တို့က သူလိုချင်ရာရှာကမ်းပေးရသည်။ မိုးရွာပြီဆိုလျှင် ငုတ်တုတ်လေးထိုင်လျက်သား တခိုက်ခိုက်တုန်အောင်ချမ်းပေမယ့် ကားပြင်မပြီးမချင်း ဒီအတိုင်းနေရသည်။ အချမ်းပြေအင်္ကျီလည်း သွားမလဲရဲ။ သူတို့ဆူမှာကြောက်ရသည်။ အဲဒီအချိန်ဆို အိမ်အလွမ်းဆုံးအချိန်ပေါ့။
အဆိုးဆုံးက မိုးတွေရွာပြီး မီးပျက်တဲ့ အချိန်ပါပဲ။
ကျွန်တော်တို့ အလုပ်ခွင်ဝပ်ရှော့၏ ခြံထောင့်တည့်တည့်မှာ မီးစက်ကြီးတစ်လုံးထိုင်ထားပါသည်။ မီးပျက်လျှင် အဲဒီမီးစက်ကြီးကို ကျွန်တော်တို့ နှစ်ယောက်အလှည့်ကျနှိုး ရသည်။ မီးစက်ကြီးက အကြီးကြီး။ ကျွန်တော့်တစ်ဖက်စာကျော်သည်။ ဂေါက်လှည့်တံထည့်သည့်နေရာမှာ ဂေါက်တံထည့်။ ဘေးကဘားကိုကိုင်ထားပြီး အားကုန်ရှိသရွေ့လှည့်နှိုးရတာဖြစ်သည်။ ဂေါက်လှည့်နေသည့်အချိန် ဘားကိုမလွှတ်နဲ့။ မီးစက်အရှိန်ရပြီး နှိုးလာမယ့်အချိန် ဘားနှင့် ဂေါက်တံကို တစ်ပြိုင်တည်းလွှတ်။ ဘားလွှတ်တာ မတော်ရင် ဂေါက်ပြန်ရိုက်ပြီး လူကိုထိပါသည်။
သက်ထွေးပေါ့။ တစ်ခါတုန်းက ဂေါက်ပြန်လှည့်ရိုက်မိပြီး မျက်ခုံးအပေါ်ကိုထိသွားတာ။ ငိုလိုက်တာများ။ သွေးတွေလည်း တပွက်ပွက်ထွက်လိုက်တာ။ ဆေးခန်းသွားတော့ လေးချက် ချုပ်လိုက်ရသည်။ အနာရှိန်ကြောင့်ဖျားပြီး အိပ်ယာထဲလဲနေရတာ နှစ်ပတ်လောက်တောင်ကြာတာ။ အဲဒီအချိန် အပင်ပန်းဆုံးကတော့ ကျွန်တော်ပေါ့။ မိုးတွေကရွာ။ မီးကလည်းပျက်။ မိုးသံတွေ၊ မီးစက်သံတွေ၊ ၀ပ်ရှော့ထဲ စကားအော်ပြောသံတွေ ဗလုံးဗထွေးနှင့် မုန်းစရာကောင်းလိုက်တာ။ မီးစက် 
မောင်းထားတော့ပိုဆိုးတာပေါ့။
စက်နှိုးပြီး ဒီအတိုင်းလွှတ်ထားလို့ရတာမှမဟုတ်ပဲ။ မီးစက်အထဲမှာထည့်ထားသည့် ရေပူလာလျှင်လဲ ပေးရသည်။ ဆီကုန်မကုန် နာရီဝက်တစ်ခါလောက်ကြည့်ပေးရသည်။ တကယ်လို့ အမှတ်တမဲ့ ဆီကုန်သွားပြီးစက်ရပ်သွားရင် သေပြီပဲ။ ၀ပ်ရှော့တစ်ခုလုံးကလူတွေ ကျွန်တော့်ကို ဆူတော့မည်။ ဦးသိန်းဝင်းဆိုရင် ကျွန်တော့်ကိုမိုက်မိုက်ရိုင်းရိုင်းဆဲပြမည်။ ကျွန်တော်ကတော့ ဆီထပ်ဖြည့်၊ လေခိုသွားတဲ့ဆီကို နံပါတ် ၁၉ ဂွ အသုံးပြုပြီးဆီရှူရမည်။ ဆီရှူမည်ဆိုပါက ဆီပေါက်ဖြစ်သည့် ၁၉နပ်ခေါင်းကိုလှည့်ရှူရတာမို့ ဒီဇယ်ဆီ နည်းနည်းပါးပါးတော့ အပြင်ကို ဖိတ်စင် ကျကုန်မည်ပေါ့။ ဒါပေမဲ့ အဲဒါကို အလဟသ မဖြစ်အောင် ခွက်ကလေးအသုံးပြုပြီး ခံထားရမည်။ အပြင်ကိုဖိတ်ရင်လည်း ဦးသိန်းဝင်းကဆူသည်။
ဦးသိန်းဝင်းနှင့် ဦးစိုးအောင်ဆိုတာက ကျွန်တော်တို့ကို အုပ်ချုပ်သည့်ခေါင်းဆောင်ကြီးတွေ။ ၀ပ်ရှော့မှာ အပြင်ဆရာကြီးတွေပေါ့။
“ကျော်ကျော်၊ ငါအမေ့ကို သိပ်သတိရတာပဲကွာ”
သက်ထွေးက နေမကောင်းဖြစ်ပြီဆိုလျှင် အားငယ်တတ်သည်။ အဲဒီအချိန်အားပေးဖော်ကလည်း ကျွန်တော်တစ်ယောက်တည်း။ ၀ပ်ရှော့၏ အပေါ်ထပ် ထပ်ခိုးလေးမှာ ကျွန်တော်တို့နှစ်ယောက်နေရသည်။ သက်ထွေး အားငယ်ရင် ကျွန်တော်ကသူ၏ အားပေးဖော်ပေါ့။ ဒီကောင့်မှာက အဖေရော၊ အမေရောမရှိတော့ဘူး။ ရွာမှာ ကျန်ခဲ့သည့် အဒေါ်တွေ၊ ညီမတွေကို ဒီမှာအလုပ်လုပ်ရင်း ထောက်ပံ့နေတာဖြစ်သည်။ ကျွန်တော်ကတော့ ဒီကောင့်ထက်စာရင် အများကြီးကံကောင်း 
တာပေါ့။ အဖေရော၊ အမေရောရှိသည်။ ငွေကြေး အဆင်မပြေလို့သာ ဒီမှာလာလုပ်နေရတာ။ အဖေက သိပ်မကြာခင်ပြန်လာခေါ်မှာတဲ့။
“ဖိုးထွေး၊ မင်းဘာမှ အားငယ်စရာ မလိုပါဘူးကွာ။ တစ်ချိန်ချိန်မှာတော့ ငါတို့မလုပ်ချင်ဘဲ လုပ်နေရတဲ့ ဒီဝပ်ရှော့ကနေလွတ်မြောက်မှာပါ”
ကျွန်တော်က ဆယ့်သုံးနှစ်၊ သက်ထွေးက ဆယ့်လေးနှစ်။ ဒီကောင်က ကျွန်တော့ထက် တစ်နှစ်ကြီးပေမယ့် ကျွန်တော့်ထက်အားငယ်တတ်သည်။ ကျွန်တော်တို့နှစ်ယောက် အဖြစ်ချင်ဆုံးဆန္ဒမှာ ဒီဝပ်ရှော့ကနေ လွတ်မြောက်ဖို့ဖြစ်သည်။ အဖေလာခေါ်တဲ့နေ့ ကျွန်တော်လွတ်မြောက်တဲ့နေ့။ ဒီကောင်ကတော့ ဘယ်အချိန်လဲ ကြိုမသိဘူးပေါ့။
×××××
Photo - myanmarpeoplemagazine
(၂)
“ကျော်ကျော်ရေ … မိုးတွေညိုလာပြီဟေ့”
မလိုအပ်သည့် ပစ္စည်းတွေ အပြင်ထုတ်မလာဖို့ သက်ထွေးက ကျွန်တော့်ကို လှမ်းသတိပေးလိုက်တာ ဖြစ်သည်။ ၀ပ်ရှော့ထဲမှာရှိသည့် စက်ပစ္စည်းတချို့ကို အမဲဆီသုတ်ပေးနေရာမှ ကျွန်တော်ခေါင်းညိတ်ပြ လိုက်သည်။ ကျွန်တော်တို့နှစ်ယောက်လုံး ဆုတောင်းမပြည့်ကြပါ။ မိုးဖွဲဖွဲစတင်ရွာလာတာနှင့် ၀ပ်ရှော့ရှေ့ ကားတစ်စီးရောက်လာသည်။ အမျိုးသမီးတစ်ယောက်မောင်းသည့် ဆလွန်းကားလေး။
“ဘီးနှစ်ဘီးလုံးပေါက်သွားတာ လဲမလို့တဲ့ဟေ့”
ဦးစိုးအောင်က အဲဒီလိုအော်ပြီဆိုရင် ကျွန်တော်တို့နှစ်ယောက်ကိုပဲ အော်တာဖြစ်သည်။ ကျွန်တော်တို့၏ အကျွမ်းကျင်ဆုံးအလုပ်က ဘီး လဲတာလေ။ ကားအလယ်ကို ချိုင့်နှင့်ထောက်။ ဂွင်းဂွကြီးတွေကိုင်ပြီး ဘီးဖြုတ်လဲပေးရတာလောက်လွယ်တာမရှိဘူး။ ကားကြီးတွေဆိုရင်တော့ နည်းနည်းခက်တာပေါ့။ ကားဘီးဖြုတ်ဖို့ နပ်ခေါင်းကြီးတွေချွတ်ရတာ အားကုန်လိုက်တာ။ တစ်ခါတလေ မူလီခေါင်းကြီးတွေ ကြပ်ထားတာများ ဂွင်းဂွထဲသံချောင်းထည့် ကျွန်တော့်ခန္ဓာတစ်ခုလုံးတက်ပြီး ခြေစုံဖိချရသည့် အထိတောင်ပါပဲ။ ဘယ်မူလီခေါင်းက ဘယ်ဂွနှင့် တော်သလဲဆိုတာကို ကျွန်တော်တို့အလွတ်ကျက်ထားရသည်။ ဥပမာ-မီးစက်ဆီရှုသည့်နေရာဆို ၁၉ ဂွ၊ လေပိုက်နေရာဆို ၁၇ နံပါတ်ဂွ စသည်ဖြင့်ပေါ့။ ဘယ်ဟာအတွက် ဂွပေးပါဟေ့ဆိုရင် တန်းမသိလို့ကတော့ ဦးသိန်းဝင်း၏ နှမ၊ မအေတုတ်ပြီးဆဲတာ ခံရရောပဲ။
ကျွန်တော်တို့နှစ်ယောက် ဆလွန်းကားပြာလေးကို သေသပ်ကျနစွာဘီးလဲပေးလိုက်စဉ်မှာပဲ မိုးကသည်း ကြီးမဲကြီးရွာချပါလေသည်။ တော်သေး တာပေါ့၊ ပြီးသွားလို့။ ကျန်တဲ့ဘီးဖာပေးတဲ့ကိစ္စတွေကတော့ ကျွန်တော်တို့ အဓိကအလုပ်မဟုတ်။ ဖာနေစဉ်ဝိုင်းကူရုံသာ။
“သားတို့ရေ ကျေးဇူးပဲကွယ်”
ကားကောင်းသွားပြီမို့ ၀ပ်ရှော့ရုံထဲမှာ ထိုင်ပြီး ဦးသိန်းဝင်းတို့နှင့် စကားပြောနေသည့် အမျိုးသမီး ထွက်လာသည်။ ထီးအကြီးကြီးဆောင်းရက်သား။ ဘေးမှာ ကျွန်တော်တို့အရွယ် ကောင် မလေး တစ်ယောက်ရောပါသည်။ ကားပေါ်ကဆင်းတုန်းက ဘီးလဲပေးဖို့ပဲ နှစ်ယောက်စလုံး၏ အာရုံမှာရောက်နေတာမို့ ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို သတိမထားမိခဲ့။
“သူ့သမီးထင်တယ်နော်၊ ကံကောင်းလိုက်တာ”
သက်ထွေးက ကျွန်တော့်နားကပ်ပြီးတိုးတိုးပြောသည်။ မိုးသံကျယ်နေပေမယ့် ကောင်းကောင်းကြားရပါသည်။ ဟုတ်တယ်။ သူ့ဘ၀က ကောင်းလိုက်တာ။ ကြည့်… ထီးပေါ်ကတစ်ဆင့် ကျလာ သည့် မိုးရေတွေကို လက်နှင့် တောက်ပြီး ဆော့ကစားနေတာ မိုးရွာတာကို သိပ်သဘောကျနေသည့်အတိုင်း။ ကျွန်တော်တို့ကျတော့ ချမ်းလို့တုန်ပြီး အနားယူချင်လှပြီ။ ကောင်မလေးဝတ်ထားသည့် ဂါဝန်လှလှကလည်း မနည်းပေးရမှာ။
အသားလေးကို ဖြူဝင်းစိုနေပြီး ဆံပင်ကောက်ကလေးနှင့် ကိုရီးယားမလေးကျနေတာပဲ။ အမျိုးသမီးကြီးက သမီးဖြစ်သူကို ကားတံခါးဖွင့်ပေးလိုက်ပြီး ကားထဲဝင်စေသည်။ ပြီးတော့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတစ်ရွက်ထုတ်ပြီး ကျွန်တော့်လက်ထဲ ဖျတ်ကနဲ ထည့်ပေးသည်။
“ဘယ်သူမှမသိစေနဲ့နော်။ သားတို့နှစ်ယောက်အတွက် မုန့်ဖိုး”
ထီးကြီးကွယ်ပေးတာမို့ ဘယ်သူမှမြင်မည် မထင်ပါ။ သူက ပိုက်ဆံထည့်ပေးပြီးတာနှင့် ကားထဲ အလျင်အမြန်ဝင်သွားကာ ထီးစိုကြီးကို ဘေးမှာချ၊ ကျွန်တော်တို့ကို တာ့တာပြပြီး မောင်းထွက်သွားတော့သည်။ ရုတ်တရက်မို့ ကျွန်တော်လည်း ငြင်းချိန်မရဘဲ သူ့လှုပ်ရှားပုံကို တအံ့တသြ ငေးကြည့်နေမိသည်။ ဟိုကောင်သက်ထွေး ရောတူတူပါပဲ။ လက်ထဲက ပိုက်ဆံကိုကြည့်တော့ …
“ဟာ… ငါးထောင်တန်ကြီးဟ”
နှစ်ယောက်သား မျက်လုံးပြူးသွားကြသည်။ ဘယ်သူမြင်မလဲတွေးမိပြီး ဘေးဘီဝဲယာ လှည့် ကြည့်လိုက် မိသည်။ ဦးသိန်းဝင်းတို့တွေ့ရင် ရစရာမရှိအောင်ဆူမှာ။ အဲဒီလိုမျိုး မုန့်ဖိုးပေးရင် မယူရဘူးလို့ တားထားတယ်လေ။
×××××
(၃)
“ငါတို့တွေ ဒီ ၅၀၀၀တန်ကို ဘယ်လိုသုံးရ မလဲဟင်”
ကိုယ်ပိုင်ပိုက်ဆံအဖြစ် အသုံးပြုရမည်ဆိုတော့ ကျွန်တော်တို့နှစ်ယောက် ဦးနှောက်စားရပါသည်။ လိုချင်တာတွေ၊ ၀ယ်စားချင်တာတွေက အများကြီး။ ၀ပ်ရှော့က လူတွေသိမှာလည်း ကြောက်ရသည်။ ဘီးလေးလဲပေးတာ ငါးထောင်တောင် မုန့်ဖိုးပေးတယ်ဆိုတာ ဘယ်သူယုံမှာလဲ။ အမှန်တော့ အမျိုးသမီးကြီးက သူ့သမီးနှင့်ယှဉ် ပြီး သနားလို့ပေးတာနေမှာပါ။
ဘီးလဲတာက အသိတွေဆိုင်ဆိုရင် အလကားတောင်လဲပေးတာ။ သက်ထွေးက တစ်ယောက် ၂၅၀၀ စီခွဲပြီး သိမ်းထားချင်သည်။ ဒါပေမဲ့ မဖြစ်။ ၀ပ်ရှော့မှာနေရတာက လုံခြုံတာမဟုတ်။ တစ်ယောက်ယောက်မြင်သွားရင်လည်း ဘယ်က ရလာတာလဲဆိုပြီး ရစ်နေဦးမည်။
ပိုက်ဆုံစုရင် ဦးစိုးအောင်ဆီမှာပဲ စာရင်းနှင့် စုထားရတာ။ ကျွန်တော်တို့မှာ ပိုက်ဆံကိုင်ခွင့်ဆိုလို့ ၀ပ်ရှော့ရှင်ကပေးတဲ့ တစ်နေ့မုန့်ဖိုး ၂၀၀ ပဲရှိတာ။ လကုန်ရင်လည်း ဦးစိုးအောင်ကပဲ ကျွန်တော်တို့လခတွေကို အိမ်ကိုပို့ပေးတာ။ အသုံးစားရိတ်
ကတော့ လခထဲကကြိုထုတ်ပေးပါသည်။ အင်္ကျီဝယ်မှာတို့၊ ဖိနပ်ဝယ်မှာတို့ကအစပေါ့။ အဓိကကတော့ ကျွန်တော်တို့လက်ထဲ ပိုက်ဆံတစ်ထောင်ထက် ပိုမထားရပါ။ အခုဟာက နှစ်ယောက်ပေါင်း ၅၀၀၀ တောင်။
“ရှုပ်ပါတယ်၊ ငါတို့တွေ ပစ္စည်းမ၀ယ်ဘဲ မစားဖူးသေးတဲ့ မုန့်တွေအ၀အပြဲဝယ်စားကြတာပေါ့”
ကျွန်တော်တို့ဝယ်စားချင်တဲ့ မုန့်တွေအများကြီး။ အဲဒါတွေအကုန်ဝယ်စားရင်ကော။ အင်း..မဆိုးဘူးပဲ။ ပိုက်ဆံကို ဘယ်ဖက်လက်ကကိုင်ပြီး ညာဖက်လက်က ပွတ်သပ်ကြည့်နေစဉ်မှာပဲ တစ်ယောက် ယောက်ကဆွဲလုတာခံလိုက်ရသည်။
“ကိုမိုးသီး”
ကျွန်တော်တို့နှစ်ယောက်လုံး ကြောင်သွားမိသည်။ အဲဒီအစ်ကိုကြီးက ကျွန်တော်တို့နှစ်ယောက်ကို ကြုံရင်ကြုံသလို အနိုင်ကျင့်တတ်သည်။ ကျွန်တော်တို့ထက် သုံးလေးနှစ်တော့ကြီးမည်။
“ပြောစမ်း၊ ဘယ်ကရတာလဲ၊ ငါ့ကိုတစ်ဝက် ပေးရင်ပေး… မပေးရင်တော့ ဦးသိန်းဝင်းတို့နဲ့ တိုင်လိုက်မှာ… ဘာမှတ်လဲ”
“ကျွန်တော်ကောက်ရတာဗျ၊ ခင်ဗျားကြီး အနိုင်မကျင့်နဲ့၊ ပြန်ပေး”
သက်ထွေးက သူ့လက်ထဲက ပိုက်ဆံကိုပြန်လုသည်။ သူကရှောင်ပြေး။ ကျွန်တော်တို့နှစ်ယောက်ကလိုက်နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။ ၀ပ်ရှော့၏ အပေါ်ထပ် ထပ်ခိုးလေးမှာမို့ သူများတွေကြားသွားမှာလည်း ကြောက်ရ၏။
“ဟုတ်လို့လား၊ မထင်ပါဘူး၊ ဘယ်ကအကြံအဖန်ရလာတာလဲ၊ ဒီအကြောင်း ငါအောက်ဆင်းပြီးဖွလိုက်ရင် ဘာဖြစ်သွားမလဲသိတယ်နော်၊ ငါ့ကို အသာတကြည်တစ်ဝက်ပေးလိုက်”
“ခင်ဗျားကြီး သူများပိုက်ဆံကို ဘာလို့ အလကားလိုချင်ရတာလဲ၊ အချောင်သမားကြီးပေးဗျာ”
“ခွေးကောင်လေး၊ မင်းကများ ငါ့ကို အချောင်သမားလေးဘာလေးနဲ့”
သူက ဖိုးထွေးကို လာထိုးဖို့ပြင်သည်။ ဒီတစ်ခါ ကျွန်တော်တို့ သည်းခံတော့မည်မဟုတ်ပါ။ အလုပ်နှင့် ပတ်သက်ရင် အမြဲတမ်း အနိုင်ကျင့်ခံထားရတာမို့ ဒီဘဲကြီးကို စိတ်တိုတာတော့အမှန်။ ကျွန်တော်တို့ နှစ်ယောက် သူ့ကိုပြန်ပြီး ခုခံမိသည်။ ဖိုးထွေးကိုထိုးဖို့ ပြင်ထားသည့် လက်သီးကို ကျွန်တော် လှမ်းဖမ်းဆုပ်လိုက်ပြီး သူ့ဗိုက်ကို တအားကန်ထည့်လိုက်သည်။ သူအားခနဲအော်ပြီး လဲကျသွား၏။ ချက်ကောင်းထိသွားပုံရသည်။ အောက်ထပ်မှာရှိတဲ့ဝပ် ရှော့သမားတချို့ လှမ်းဆဲ သည်။
“ဖိုးထွေး၊ လာ…မြန်မြန်ပြေးမယ်”
ငါးထောင်တန်ကို ဖျက်ခနဲဆွဲလုပြီး ကျွန်တော်တို့နှစ်ယောက်ပြေးဆင်းသည်။ မင်းတို့တွေ လူလို နားမလည်ဘူးလား။ ဘာညာနဲ့ လှမ်းဆဲသံတော့ဆူညံသွားသည်။ ဂရုမစိုက်ပါ။ ၀ပ်ရှော့အပြင် ဘက်လမ်းမထက်ကို ပြေးလာခဲ့ကြသည်။ ကိုမိုးသီး
နောက်ကလိုက်မလာတော့။ ၀ပ်ရှော့က လူတွေကလည်း ကျွန်တော်တို့အချင်းချင်း နောက်နေကြတာဟု ထင်ပုံရသည်။
“ကဲ…ဖိုးထွေး၊ လက်ထဲထားရင် ဒုက္ခများမယ့်ပိုက်ဆံ…ရှော့လိုက်ကြစို့”
လမ်းမထက်က ၀က်သားဒုတ်ထိုးဆိုင်တစ်ဆိုင်မှာ ကျွန်တော်ကဦးဆောင်ပြီးဝင်ထိုင်သည်။
တစ်နေ့မုန့် ဖိုး ၂၀၀ နှင့်စား၍မရသော၊ ကျွန်တော်တို့ အင်မတန်မှ အာသီသပြင်းထန်စွာ စားချင်နေခဲ့သော ၀က်သားဒုတ်ထိုးကို ၅၀၀၀ ဖိုး ပြည့်အောင်အထိ အပြတ်တွယ်ပစ်ကြသည်။ အလုပ်သိမ်းပြီးခါစ၊ ညနေခင်းထမင်းစားချိန်ကို စောင့်ရတာမို့ ဗိုက်ဆာနေချိန်နှင့်ကွက်တိ။ အဲဒီက အပြန်မှာတော့… သာမန်မဟုတ်သည့် ကြီးမားသော အပြော င်းအလဲကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါသည်။ ကျွန်တော့်အတွက် မျှော်လင့်နေခဲ့သောအရာပြည့်ဝပေမယ့် ဖိုးထွေးအတွက်တော့….။
×××××
Photo - myanmarpeoplemagazine
(၄)
“ကျော်ကျော်၊ မင်းအဖေရောက်နေတယ်။ မင်းကို လာခေါ်တာ”
ဝပ်ရှော့ရှိရာ ခြံဝင်းထဲဝင်လိုက်တာနှင့် ကိုမိုးသီးကလှမ်းပြောသည်။ အခုတော့လည်း သူ့ ပုံစံက ဘာမှမဖြစ်ခဲ့သလို။ ကျွန်တော်နှင့်သက်ထွေး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ကျွန်တော့်ရင်ထဲလှိုက်ခနဲ ၀မ်းသာမိပေမယ့် သက်ထွေးမျက်နှာမြင်လိုက်ရတော့ စိတ်မကောင်းဖြစ်မိသည်။ ဒီကောင်တစ်ယောက်တည်း ကျန်ခဲ့ရမှာပေါ့။ ကိုမိုးသီးများ အမြဲတမ်းအနိုင်ကျင့်လေမလား။
“မင်းလိုက်သွားရတော့မှာပေါ့နော် ကျော်ကျော်”
ကျွန်တော် ခေါင်းညိတ်လိုက်ပါသည်။ ဆူညံလွန်းသည့်ကားစက်နှိုးသံတွေ၊ ဘတ္ထရီကလစ်ပွတ်တိုက် သံတွေ၊ ရှဲခနဲ ရှဲခနဲ ဖြာထွက်နေသည့် မီးပွားမီးတောက်များ၊ အလွယ်တကူဖျက်မရသော ဆီချေးများ၊ အိုဗျာ… ဒီဝပ်ရှော့ထဲကအရာတွေ
အားလုံးကို မုန်းတာပါပဲ။ မိုးရွာရင်တော့ ပိုဆိုးတာပေါ့။ အခုရော... မိုးဖွဲလေးတွေရွာနေတာဆိုပေမယ့် လုပ်ငန်းခွင်မှာ မဟုတ်တဲ့အတွက်ကြောင့်လား။ အဖေလာခေါ်လို့ ပျော်နေတာကြောင့်လားမသိ။ ကျွန်တော်မိုးကို မမုန်းမိတော့။ အဖေက ကျွန်တော့် ကိုအပြီးလာခေါ်တာဖြစ်သည်။
ဝပ်ရှော့မှာ အလုပ်မလုပ်ခိုင်းချင်တော့ဘူးတဲ့။ ကျွန်တော်ပျော်မိသည်။ တစ်ပြိုင်နက်တည်း သက်ထွေး အတွက်ဝမ်းနည်းမိသည်။ သူ့ကို ကျွန်တော် ဘယ်လိုနှစ်သိမ့်ရပါ့မလဲ။ အဖေနှင့် ဦးသိန်းဝင်းတို့တွေ စကားပြောနေတုန်းမှာပဲ ကျွန် တော့်အထုပ်တွေ သိမ်းဆည်းရသည်။ သက်ထွေးက ကူသိမ်းပေး၏။ အ၀တ်တွေခေါက်သိမ်းရင်း သူ မျက်ရည်ကျတာကို ကျွန်တော်မြင်ရသည်။
“မိုးတွေရွာရင်… မင်းစိတ်ညစ်စရာမလိုတော့ဘူးပေါ့နော် ကျော်ကျော်၊ မီးစက်ကြီးလည်း မနှိုးရတော့ဘူး၊ ဆီချေးတွေလည်း မပေတော့ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းအတွက် ငါဝမ်းသာပါတယ်”
မျက်ရည်ရွှဲရွှဲနဲ့ပြောနေသည့်သူ့ကိုကြည့်ပြီး ကျွန်တော်ပါရောမျက်ရည်ကျမိသည်။
“ငါက ဒီမှာမလုပ်ပေမယ့် တခြားမှာ လုပ်ရမှာကွ၊ အဖေက ဒီထက်ကောင်းတဲ့နေရာမှာ အလုပ်သွင်းပေးဖို့ လာခေါ်တာတဲ့၊ ငါအဆင်ပြေ ရင် မင်းကိုလာခေါ်မှာသက်ထွေး၊ ငါမုန်းသလို မင်းလည်းမုန်းတဲ့ ဆီချေးပေဘ၀မှာ မင်းအမြဲမနေရပါဘူး၊ ခဏပဲ၊ ငါမင်းကိုလာခေါ်မယ် သူငယ်ချင်း”
“အေးပါ သူငယ်ချင်းရာ”
အတူအိပ်၊ အတူစား၊ အတူအလုပ်လုပ်ရင်း ၂၄နာရီပတ်လုံး အတူတူနေရတာမို့ ကျွန်တော်တို့ သံယောဇဉ်က သာမန်ထက် ခိုင်မြဲပါသည်။ အ၀တ်အစားထုတ်ကိုလွယ်ရင်း အဖေရှေ့ကသွားရာ နောက်လိုက်ကာ ၀ပ်ရှော့ကြီးရယ်၊ သက်ထွေးရယ်ကို ကျွန်တော်သမင်လည်ပြန်ငေး မောမိသည်။ မျက်စိအောက်က မပျောက်မချင်း ကျွန်တော့်ကို တာ့တာပြနေသည့် သက်ထွေး၊ မိုးစက်မိုးပေါက်များကြား ကျွန်တော်တို့သွားရာ အပြေးလေးနှင့်လိုက်ရင်း တာ့တာပြနေသည့် သက်ထွေး၏မြင်ကွင်းကို ကျွန်တော်ဘယ်တော့မှမေ့လိမ့်မည်မဟုတ်ပါ။
ကျွန်တော် ဒီဝပ်ရှော့ကို တစ်ခေါက်ထပ်လာမည်။ ဒီလိုမျိုး ညစ်ညစ်ပတ်ပတ်လည်း မလုပ်ရ။ ဒီထက်လည်း ၀င်ငွေကောင်းသည့် အလုပ်ကို ကျွန်တော်တို့နှစ်ယောက်အတူတူ လုပ်ကိုလုပ်ရမည်။ ဒီ ဆုံးဖြတ်ချက် လုံးဝခိုင်မာစေရပါမည်။ သက်ထွေးကို ကျွန်တော်လာခေါ်မည်။ အဲဒီအချိန်… မိုးတွေရွာရင် ကျွန်တော်တို့နှစ်ယောက် မိုးကို မုန်းတော့မည်မဟုတ်ပါ။
×××××
မေတ္တာရိပ်မှာအေးချမ်းကြပါစေ။
တိမ်တိုက်ထွန်း (ကစ္စပနဒီ)
Open Source URL
http://www.people.com.mm/life/relationship/1998
ဝန်ခံချက်
(Myanmar People Magazine ၏ Website ဖြစ်သော www.people.com.mmမှ 
Copy ကူးယူ၍ ဤ Blog ပေါ်
ပြန်တင်ထားခြင်းဖြစ်ပါသည်။)
ကိုစိုင်းငယ်(tgi)
Tuesday, August 22, 2017
Thomas Carlyle ၏ အ​တွေးဒဿန
Photo - Google Image
My Books are friends that never fail me.
Thomas Carlyle (1795-1881)
ကျွန်တော့ စာအုပ်တွေဟာ
ကျွန်တော့ကို ဆုံးရှုံးမှု ဘယ်တော့မှ
ပေးမှာ မဟုတ်တဲ့ မိတ်ဆွေတွေဖြစ်ပါတယ်။
ဘာသာပြန်သူ - သည်းနုဆည်းဆာ
Tuesday, August 15, 2017
မြက်ပင်
Photo - Google Image
မိုးမြင့်​တွင်​ ​အောင်​လံလွင့်
သဇင်​ကဲ့သို့
ပွင့်​​ဝေခွင့်​မရ​သော်​လည်း
ကိစ္စမရှိပါ။
မြေပြင်ထက်​​တွင်
လွတ်​လပ်​စွာ ရှင်​သန်​ခွင့်​ရခဲ့​ပြီး
ငှက်​က​လေး​များ၏ အသိုက်
ကျွဲ၊နွား၊သိုး၊ဆိတ်​များ၏ အစာ
ဖြစ်​ရသည်​ အတွက်
ငါ ​ကျေနပ်​သည်​။
ငါ့ကို ဘယ်သူ နင်းနင်း
စိမ်းလန်းစို​ပြေသည့်သီချင်း
ငါ ဆို​နေမည်​။
ကိုစိုင်းငယ်​(​တောင်​ကြီး)
မမြင် မခင် မကြင်ပဲ လွမ်း
Photo - မိုးမခမဂ္ဂဇင်း
မထားတတ်တဲ့စိတ်က ကျဉ်းနေတော့
ချောင်းကလေး
ထားရာမှာ အေးအေးမနေနိုင်ဘူး
ထားတတ်တဲ့ စိတ်က ကျယ်ဝန်းနေတဲ့အခါ
ပင်လယ်ပြာ စေရာကို သွားနိုင်တယ်
ပန်းသတင်းကိုလည်း လေညှင်းဆောင်ရဲ့
လူသတင်းကိုလည်း လူချင်းဆောင်ခဲ့ဆိုလေတော့
လူကို လူချင်းလွမ်းတာ ဆန်းသလား
ကက်ဆက်ထဲ
လွင့်ဝဲလာတဲ့ သီချင်းထဲမှာ
အလွမ်းတွေများများပါလာရင်
မြန်မြန်လွင့်ပြီး များများလွမ်းနေလိုက်ကြရုံပေါ့
လူကိုသေစေတတ်တဲ့ ဗုံးသေနတ်သံတွေမှ မဟုတ်တာပဲ
ဘာလဲ
ခင်ဗျားက အလွမ်းကိုဖမ်းချုပ်ထားနိုင်စွမ်းတဲ့ ထောင်မှူးကြီးလား
လွမ်းဆွတ်ခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်းမှာ မူပိုင်ခွင့်ရှိလို့လား
ဒါဆိုရင်လည်း
ခင်ဗျားရဲ့ကျဉ်းနေတဲ့ စိတ်တွေနဲ့
အလွမ်းကို ထောင်သွင်းအကျဉ်းချထားလိုက်ပါ
မူပိုင်ခွင့် မှတ်ပုံတင်ပြီး ပလက်စတစ်လောင်းထားလိုက်ပါ
ကျယ်ဝန်းတဲ့ ကျနော်တို့ရဲ့စိတ်တွေထဲမှာ
တစုံတယောက်ရဲ့ တစုံတရာအတွက်
လွပ်လပ်စွာလွမ်းနေမယ့် နေ့ရက်တွေက မကုန်မခမ်း
လွမ်းရေးရှိက ဆက်လက်လွမ်းနေကြမည်သာ။
ဆောင်းယွန်းလ
(သြဂတ်စ် ၁၄ ရက်၊ ၂၀၁၇)
Open Source URL
http://blog.moemaka.com/2017/08/blog-post_61.html?m=1
ဝန်​ခံချက်
(2017 August လထုတ်
မိုးမခမဂ္ဂဇင်း မှ
တဆင့်​ ကူးယူ၍ ဤ Blog ​ပေါ်တွင်
ပြန်​တင်​ထားခြင်းဖြစ်​ပါသည်​။)
Thursday, August 10, 2017
အဆို​တော်​ဦးခိုင်​ထူး အတွက်
Photo - ဂီတအ​​​ကြောင်း​သောင်း​ပြောင်း​ထွေလာ Facebook Page မှ
စစ်​ကိုင်းလမ်း မှသည်
မမြင်​နိုင်​​သော
ဟိုး အ​ဝေး လမ်းမကြီးဆီ သို့...
ဦးခိုင်​ထူး ထွက်​ခွာသွားခဲ့ပြီ။
အားလုံးကို ​ကျော်​ဖြတ်​ရမယ်​ တဲ့။
သေခြင်းတရားကို
ကျော်​ဖြတ်​မရနိုင်​တဲ့ အ​ကြောင်း
အားလုံးကို တရားပြသွားတယ်​ထင်​ပါရဲ့။
မရဏမင်းဟာ
ဦးခိုင်​ထူးရဲ့ အသက်​နဲ့ ခန္ဓာကိုယ်​ကိုသာ
ရိတ်​သိမ်းလိုက်​နိုင်​တယ်​။
ဦးခိုင်​ထူး စိုက်​ခဲ့တဲ့ သီချင်း​တွေကို​တော့ 
မရိတ်​သိမ်းနိုင်​ရှာဘူး။
သီချင်းတစ်​ပုဒ်​ ပန်းတစ်​ဆုပ်​။
ဦးခိုင်​ထူးဆိုတဲ့ အမည်​နဲ့
ဘယ်​​တော့မှ ​ပျောက်​မသွားဘူး။
ဦးခိုင်​ထူးဆိုတဲ့ 
ဂီတသမားတစ်​​ယောက်​ရဲ့ 
လက်​ထဲက ပန်းတစ်​ဆုပ်
ဘယ်​​တော့မှ ​ခြောက်​မသွားဘူး။
အဆို​တော်​ ဦးခိုင်​ထူး
ကောင်းရာမွန်​ရာ ဘုံဘဝသို့
ရောက်​ပါ​စေဗျာ...။
Photo - ဂီတပျိုးခင်း-ဂီတာအ​ခြေခံပုံပြ Lesson Facebook Page မှ
ကိုစိုင်းငယ်​(tgi)
09.08.2017(11:45PM)
Friday, August 04, 2017
Facebook သုံးတဲ့ သရဲ
၂၀၁၁ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ကျွန်မရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် သမီးလေး ‘ဆူဇန်’ (Suzanne) ဟာ လူ မဆန်လောက်အောင် ရက်စက်တဲ့နည်းနဲ့ အသတ် ခံခဲ့ရပါတယ်။ လူမဆန်လောက်အောင် ရက်စက်တဲ့ နည်းနဲ့သတ်ခဲ့တာဖြစ်တဲ့အပြင် လူသားလူသတ် သမားတစ်ယောက်က သတ်ခဲ့တာမဟုတ်ဘဲ ၀ိညာဉ် လောကသား (သရဲ) တစ်ယောက်က သတ်ခဲ့တာ လို့တောင် ယူဆစရာဖြစ်ခဲ့ပါတယ်။ ခက်တာက အဲဒီ သရဲဟာ အဲဒီလောက် ခေတ်မီသလားဆိုတာ မေး ခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။
အဲဒီနေ့ညနေ ၆ နာရီမှာ ကျွန်မနဲ့ ခင်ပွန်းဖြစ် သူတို့က ညစာစားပွဲတစ်ခု သွားစရာရှိလို့ သမီးလေး ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရပါတယ်။ အဲဒီညစာစားပွဲကို သမီးလေးကိုပါ ခေါ်သွားလို့ရပေ မယ့် သမီးလေးက မလိုက်ချင်လို့ ထားခဲ့ရတာပါ။ သမီးလေးအကြောင်းပြတာက အိမ်စာတွေ လုပ်ရ ဦးမှာမို့ မလိုက်တော့ဘူးဆိုတာပါပဲ။ ကျွန်မကတော့ သမီးလေး မလိုက်ချင်တဲ့အကြောင်းရင်းကို သိပါ တယ်။ အိမ်စာတွေရှိတာလည်း ဖြစ်နိုင်ပေမယ့် သူ စွဲလမ်းနေတဲ့ အင်တာနက်ပေါ်က ‘ဖေ့စ်ဘွတ်ခ်’ (facebook) လူမှုရေးဝက်ဘ်ဆိုက်ကို လက်မလွှတ် ချင်တာက အဓိကအကြောင်းရင်းဖြစ်ပါလိမ့်မယ်။ ‘ဖေ့စ်ဘွတ်ခ်’ လူမှုရေးဝက်ဘ်ဆိုက်ဟာ ဆယ်ကျော် သက်အရွယ်ကလေးငယ်တွေကို အရမ်းကို စွဲလမ်း စေပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်ပေးနိုင် သလို မိတ်ဆွေအချင်းချင်း ‘စာရိုက်ပြီး စကားပြောခြင်း’ (chatting) လုပ်လို့ရပါတယ်။ သမီးလေးဟာ ‘ဖေ့စ်ဘွတ်ခ်’ အသုံးပြုပြီး မိတ်ဆွေတွေနဲ့ စာရိုက် စကားပြောတာကို ည ၈ နာရီကနေ ၁၀ နာရီအထိ လုပ်လေ့ရှိတာ ကျွန်မ လေ့လာသိရှိထားပါတယ်။
ဒါကြောင့်လည်း သမီးလေး မလိုက်ချင်တာကို နားလည်ခွင့်လွှတ်ပြီး သူ့ကို အိမ်မှာထားခဲ့တာဖြစ် ပါတယ်။ ခါတိုင်းလည်း သူ့ကို အဲဒီလို အိမ်မှာထား ခဲ့တာမျိုးတွေ ရှိပါတယ်။ ကျွန်မတို့နေထိုင်တဲ့ရပ် ကွက်က လူရည်သန့်ပြီး ပြဿနာကြီးကြီးမားမား မဖြစ်ဖူးပါဘူး။ ကျွန်မတို့အိမ်ကလည်း ခိုင်ခန့်လုံခြုံ တာမို့ သမီး တံခါးဖွင့်မပေးရင် ဘယ်သူမှ အိမ်ထဲ မ၀င်နိုင်ပါဘူး။ တယ်လီဖုန်းလည်း ရှိတာမို့ တစ်ခု ခု ထူးခြားရင် ရဲကို ဖုန်းဆက်တိုင်ကြားလို့လည်း ရပါတယ်။ ဒါ့ကြောင့်လည်း သူ့ကို တစ်ယောက် တည်း စိတ်ချလက်ချ ထားခဲ့ကြတာပါ။
ညစာစားပွဲဟာ ည ၁၀ နာရီလောက်မှာ ပြီးဆုံး သွားပါတယ်။ ကျွန်မတို့လင်မယားနှစ်ယောက် အိမ် ပြန်ရောက်တော့ ည ၁၁ နာရီ ထိုးနေပါပြီ။ သမီး လေး အိပ်နေလောက်ပြီလို့ ယူဆလို့ လူခေါ်ခေါင်း လောင်း မနှိပ်တော့ဘဲ အိမ်ရှေ့တံခါးကို ကျွန်မတို့ ဘာသာ သော့ဖွင့်ဝင်ရောက်ခဲ့ပါတယ်။ အိမ်ရှေ့တံ ခါးက ၀င်ဝင်ချင်း ဖိနပ်ချွတ်ခန်းရှိပါတယ်။ ကျွန်မ တို့က အပြင်သွားတဲ့ဖိနပ်တွေကို အိမ်ထဲမှာမစီးပါ ဘူး။ ဧည့်သည်တွေကိုတော့ ဖိနပ်စီးဝင်ခွင့်ပြုထား ပေမယ့် ကျွန်မတို့ကိုယ်တိုင်ကျတော့ ဖိနပ်ချွတ်ခန်း မှာ ဖိနပ်ချွတ်၊ စင်ပေါ်တင် အိမ်တွင်းစီးဖိနပ်တွေ ပြောင်းစီးကြပါတယ်။ အဲဒီအချိန်အထိ ကျွန်မရဲ့ စိတ် တွေဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် အဲဒီလိုဖိနပ်လဲစီးတာ မှာ ကျွန်မက အရင်ပြီးသွားပြီး ခင်ပွန်းဖြစ်သူက နှေးနေပါတယ်။ ခါတိုင်းဆိုရင် ကျွန်မဟာ ဖိနပ်လဲ ပြီးပြီးချင်း ဖိနပ်ချွတ်ခန်းရဲ့ဘယ်ဘက်မှာရှိတဲ့ဧည့် ခန်းတံခါးကို ဖွင့်ပြီး အိမ်ထဲဝင်သွားလေ့ရှိပါတယ်။ ဒီနေ့ကျတော့ ကျွန်မတစ်ယောက်တည်း အဲဒီလို ၀င်သွားရမှာကို ကြောက်ရွံ့နေသလိုလို ဖြစ်နေပါ တယ်။ ဒါကြောင့် ဧည့်ခန်းတံခါးလက်ကိုင်ဖုကို ကိုင် ပြီး လှည့်ဖွင့်လိုက်မလား၊ ခင်ပွန်းဖြစ်သူ လိုက်အ လာကို စောင့်မလားဆိုပြီး ချီတုံချတုံ ဖြစ်နေပါတယ်။ဒီလိုဖြစ်တာ သိပ်မကြာလိုက်ပါဘူး။ ခင်ပွန်းဖြစ်သူ က ကျွန်မ ကျောနားရောက်လာတာမို့ ဧည့်ခန်း တံခါးကို လှည့်ဖွင့်လိုက်ပါတယ်။ တံခါးပွင့်သွားတာ နဲ့ ထိန်ထိန်လင်းနေတဲ့လျှပ်စစ်မီးရောင်အောက်မှာ မျှော်လင့်မထားတဲ့ဧည့်ခန်းထဲကမြင်ကွင်းကို ရှင်းရှင်း လင်းလင်းကြီး မြင်တွေ့လိုက်ရပါတယ်။ ကျွန်မဟာ လန့်သွားတဲ့စိတ်ဇောအဟုန်နဲ့ အော်ဟစ်လိုက်ဖို့ ပါး စပ်ဟလိုက်ပါတယ်။ ဒါပေမယ့် ချက်ချင်းပဲ ကျွန်မ ရဲ့နောက်ကျောမှာရှိနေတဲ့ခင်ပွန်းဖြစ်သူက သူ့လက် ဖ၀ါးတစ်ဖက်နဲ့ ကျွန်မပါးစပ်ကို ပိတ်ပစ်လိုက်တဲ့ အတွက် အသံထွက်မလာတော့ပါဘူး။ ကျွန်မမြင် ရတဲ့မြင်ကွင်းကို ကျွန်မယောက်ျားလည်း မြင်လိုက် ပုံရပါတယ်။ သူက ကျွန်မနားနားမှာကပ်ပြီး တီးတိုး လေသံနဲ့ ပြောလာပါတယ်။
“သတိထား ဟန်နီ၊ သတိကြီးကြီးထားစမ်း၊ စိတ်ကို မလွှတ်လိုက်နဲ့၊ သမီးကို သတ်တဲ့လူသတ် သမားဟာ အိမ်ထဲမှာပဲ ရှိနေနိုင်တယ်”
ဖြစ်နိုင်ပါတယ်။ ယောက်ျားပြောတာ ဖြစ်နိုင် ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းက ကျွန်မတို့ရဲ့ တစ်ဦးတည်းသောသမီး လေး ‘ဆူဇန်’ ဟာ ဧည့်ခန်းအလယ်မှာ သွေးသံ ရဲရဲနဲ့ ပုံပျက်ပန်းပျက် လဲကျသေဆုံးနေတာဖြစ်ပါ တယ်။ ယောက်ျားက ဆက်ပြီး တီးတိုးပြောပါတယ်။
“ဟန်နီရေ၊ မင်း ဒီဖိနပ်ချွတ်ခန်းမှာ နေခဲ့၊ အိမ်ရှေ့တံခါးကိုလည်း အသင့်ဖွင့်ထား၊ ကိုယ် အိမ် ထဲကို ၀င်သွားမယ်၊ လူသတ်သမားကို အခန်းတိုင်း မှာ ရှာမယ်၊ တစ်ခုခု ထူးခြားရင် မင်းကြားရအောင် ကိုယ် အသံကုန်ဟစ်ပြီး ပြောမယ်၊ အဲဒီကောင်ကို ကိုယ် တိုက်ခိုက်မယ်၊ ကိုယ်ရှုံးရင်တော့ မင်း ထွက် ပြေးပြီး ပတ်ဝန်းကျင်မှာ အကူအညီတောင်းပေ တော့”
“ဖြစ်ပါ့မလား ကိုရယ်”
ကျွန်မ စိုးရိမ်မိပါတယ်။
“အခုကတည်းက ကျွန်မတို့ အပြင်ထွက်ပြီး အကူအညီတောင်းရင် မကောင်းဘူးလား”
ကျွန်မရဲ့စိတ်ကူးကို ယောက်ျားက ပယ်ချပါ တယ်။
“မဖြစ်ဘူး၊ လူသတ်သမား လွတ်သွားနိုင် တယ်၊ ကိုယ်ပြောတဲ့အတိုင်းသာလုပ်”
ပြောပြီးပြီးချင်း သူဟာ ကျွန်မရဲ့ပါးစပ်မှာ အုပ် ထားတဲ့လက်ကိုလွှတ်၊ ကျွန်မကိုလည်း နောက်ကို တွန်းပို့ပြီး ဧည့်ခန်းထဲ ၀င်သွားပါတယ်။ သူဟာ ဧည့်ခန်းထဲရောက်သွားပြီး သမီးရဲ့အလောင်းကို တစ် ချက်ပဲ ကြည့်ပါတယ်။
ပြီးတော့ တခြားအခန်းတွေ ဘက်ဆီ ထွက် သွားတာမို့ သူ့ကို ကျွန်မ မမြင်ရတော့ပါဘူး။ သေ ချာတာက သူ တစ်ခန်းဝင်တစ်ခန်းထွက် ရှာနေ တော့မှာပါ။ သူဟာ တိုက်ခိုက်သတ်ပုတ်မှု ပညာ ရပ်တစ်ရပ်ကို လေ့ကျင့်ထားတာမို့ သူ့ကိုယ်သူ အရမ်းယုံကြည်ပါတယ်။ ကျွန်မကတော့ လူသတ် သမားက သူ့ကို အလစ်အငိုက် တိုက်ခိုက်သွားမှာ ကို စိုးရိမ်နေခဲ့ပါတယ်။ ရင်တထိတ်ထိတ်နဲ့ စောင့် ဆိုင်းနေခဲ့ပေမယ့် သူ့ဆီက ဘာအသံမှ ထွက်မလာ ခဲ့ပါဘူး။ ကျွန်မ စိုးရိမ်နေတာက သမီးလေးနဲ့ သူ ဘ၀တူ ဖြစ်သွားမလားလို့ပါ။ ဒါဆိုရင်တော့ ကျွန်မ လည်း လောကထဲ ဆက်မနေတော့ဘဲ အဲဒီလူသတ် သမားကို သူသေကိုယ်သေ အသေရင်ဆိုင်တော့ မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလိုဆုံးဖြတ်လိုက်ချိန်မှာပဲ ကျွန်မယောက်ျား ဟာ မြင်ကွင်းထဲ ပြန်ပေါ်လာပါတယ်။ ဧည့်ခန်းထဲ ပြန်ရောက်လာတာပါ။ သူဟာ ဘာတိုက်ခိုက်မှုမှ လုပ်ခဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် ခြေပစ်လက်ပစ်နဲ့ အရမ်းကို စိတ်ဓာတ်ကျနေပုံပေါ်ပါတယ်။ သမီးလေး ရဲ့အလောင်းနားမှာရပ်ပြီး ကျွန်မရှိနေတဲ့ဧည့်ခန်း တံခါးဝကို လှမ်းကြည့်ပါတယ်။ ပြီးတော့ ကျွန်မကို လှမ်းခေါ်ပါတယ်။
“၀င်လာခဲ့တော့ ဟန်နီရယ်၊ အိမ်ထဲမှာ ဘယ် သူမှမရှိဘူး …”
ကျွန်မကို ခေါ်ပြီးတာနဲ့ သူဟာ သမီးလေးရဲ့ အလောင်းဘေးမှာ ထိုင်ချပြီး တရှုတ်ရှုတ်နဲ့ ငိုနေ ပါတော့တယ်။ ကျွန်မ သိလိုက်ပါပြီ။ သူက လူသတ် သမား ရှာမတွေ့တာနဲ့ စိတ်လျှော့ချလိုက်ပြီဆိုတာ ကို။ ဒီတော့ ကျွန်မက စိတ်ကို ပြန်တင်းရတော့မှာ ပေါ့။
ကျွန်မက ငိုနေတဲ့ခင်ပွန်းဖြစ်သူကို ဆွဲထူပြီး “ကိုယ် ရဲစခန်းကို ဖုန်းဆက်ပါ၊ အမြန်ဆုံး ဆက် ပါ၊ ပြီးမှ ဆက်ငိုချင် ငိုပါ” လို့ ပြောလိုက်တယ်။ သူ သတိပြန်ဝင်သွားပြီး ဧည့်ခန်းထောင့်က တယ် လီဖုန်းရှိရာကို ထွက်သွားပါတယ်။
ကျွန်မဟာ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့သမီးလေး ရဲ့အလောင်းနားမှာ မချိတင်ကဲ ရပ်နေရင်းက ဧည့် ခန်းဆောင်စားပွဲပေါ်မှာ သမီးလေးရဲ့ ‘လက်ပ်တော့’ က ပွင့်လျက်သားရှိနေတာကို မျက်စိထောင့်စွန်းက နေ လှမ်းမြင်လိုက်ရပါတယ်။ ကြည့်ရတာ သမီးလေး က ‘လက်ပ်တော့’ ကို သူ့အိပ်ခန်းထဲမှာမသုံးဘဲ ကျွန်မတို့ပြန်အလာကို မျှော်ရင်း ဧည့်ခန်းထဲမှာ ထိုင် သုံးနေခဲ့တာကိုး။ ကျွန်မဟာ ဧည့်ခန်းဆောင်စားပွဲ ရှိရာကို သွားပြီး ‘လက်ပ်တော့’ ကို ကြည့်လိုက် ပါတယ်။ ‘လက်ပ်တော့’ မှာ သမီးလေးရဲ့ ‘ဖေ့စ်ဘွတ်’ စာမျက်နှာက ပွင့်လျက်သားပါ။ ပြီးတော့ သူငယ်ချင်းတစ်ဦးတစ်ယောက်နဲ့ အပြန်အလှန် စကားပြောထားကြတဲ့ ‘ချက်’ အကွက်ကလည်းပွင့် လို့။
ကျွန်မဟာ သူတို့နှစ်ယောက်ပြောခဲ့ကြတဲ့စာ ကြောင်းတွေကို ပြန်ဖတ်ကြည့်လိုက်ပါတယ်။ သမီး လေးရဲ့နာမည်က ‘ဆူဇန်၁၃’၊ တစ်ဖက်က ကောင် လေးရဲ့နာမည်က ‘ချစ်လူငယ်၆၉’ တဲ့။ သူတို့နှစ် ယောက်က အောက်ပါအတိုင်း စကားပြောခဲ့ကြပါ တယ်။ ကြည့်ရတာ ဒီနေ့မှ စဖြစ်တဲ့သူငယ်ချင်း တွေနဲ့ တူပါတယ်။
ချစ်လူငယ်၆၉ ။  ။ အိုး-မင်းဓာတ်ပုံ ကြည့်လိုက်တာ အတော်လှတာပဲ။
ဆူဇန်၁၃ ။       ။ တကယ်လား၊ မင်း အဲဒီလို ထင်သလား။
ချစ်လူငယ်၆၉ ။  ။ မင်းက လှပတဲ့ဆံပင်တွေ ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ ကျေးဇူးတင်ပါတယ်။
ချစ်လူငယ်၆၉ ။  ။ မင်းက မျက်လုံးလှလှ တစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ ဒါတော့ အားလုံးက ပြောကြပါတယ်။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ မင်းက နှာခေါင်းလှလှလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ ဟုတ်လား၊ ဒါဆို မဆိုးဘူးပေါ့။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ မင်းက လည်တိုင်လှလှလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ အိုကေ၊ ကျွန်မလည်း အဲဒီလိုပဲ ထင်နေတာ။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ မင်းက လှပတဲ့ကိုယ်လုံးလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ အာ- အင်း- ဒါကတော့။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ မင်းက လှပတဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ ဖြစ်နိုင်ပါတယ်။
ချစ်လူငယ်၆၉ ။  ။ မင်းရဲ့ခန္ဓာကိုယ်အတွင်းက ကလီစာတွေအားလုံးဟာ လှပနေလိမ့်မယ်ဆိုတာ ငါ လောင်းရဲတယ်။
ဆူဇန်၁၃ ။       ။ ဘယ်လိုပြောလိုက်တယ်၊ ကလီစာတွေဟုတ်လား၊ ကလီစာတွေက ဘယ်လိုလုပ် လှမှာလဲ၊ နင် ပေါက်ကရတွေ မပြောနဲ့နော်။
ချစ်လူငယ်၆၉ ။  ။ ငါ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကလီစာတွေကို ကြည့်ချင်တယ်ဟာ။
ဆူဇန်၁၃ ။       ။ နင် အရူးပဲ၊ တော်ပြီဟာ၊ ဂွတ်ဒ်ဘိုင်။
ချစ်လူငယ်၆၉ ။  ။ ငါ မင်းရဲ့ရင်ကိုခွဲပြီး မင်း ရဲ့ကလီစာတွေကို ကြည့်ချင်တယ်ဟာ။
ဆူဇန်၁၃ ။       ။ တော်ပါတော့၊ တော်ပါ တော့၊ ဆက်မပြောပါနဲ့တော့။
ချစ်လူငယ်၆၉ ။  ။ ငါ မင်းရဲ့ကလီစာတွေကို လက်နဲ့ ကိုင်ကြည့်ချင်လိုက်တာ။
-ဆူဇန်၁၃ ။      ။ နင် ငါ့ကို ကြောက်စရာတွေ ပြောမနေနဲ့နော်။
ချစ်လူငယ်၆၉။  ။ ငါကလေ၊ မင်းရဲ့ရင်ကို ခွဲ ပြီးသွားတာတောင်မှ အထဲက မင်းရဲ့ကလီစာတွေ ကို တစ်ခုပြီးတစ်ခု နူးနူးညံ့ညံ့ ဆွဲထုတ်ပေးမှာပါ။
ဆူဇန်၁၃။                 ။ နင် အဲဒီလို ပေါက်ကရတွေ ဆက်ပြောနေရင် ငါ ရဲတိုင်လိုက်မှာနော်။
ချစ်လူငယ်၆၉။  ။ ‘ဖေ့စ်ဘွတ်’ မှာ စကား ပြောနေတာ ရဲက ဘယ်လိုလုပ်အရေးယူနိုင်မှာမို့ လို့လဲ၊ မင်းဟာ ရယ်စရာ အတော်ပြောတတ်တာပဲ၊ ငါ ပြောပြမယ်၊ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကလီစာ တွေကို ရင်ခွဲပြီး ထုတ်ပြီးရင် အဲဒီကလီစာတစ်ခု ချင်းကို ငါက ယုယုယယ နမ်းရှုတ်ပေးမှာပါ။
ဆူဇန်၁၃ ။       ။ တော်တော့။
ချစ်လူငယ်၆၉ ။  ။ မင်းရဲ့ အူတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပွတ်သပ်ပေးမယ်လို့ ငါ အာမခံ ပါတယ်။
ဆူဇန်၁၃ ။       ။ နင် ရူးနေလား။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ ငါက မင်းရဲ့ ကလီ စာတွေနဲ့ နာရီတချို့ ဆော့ကစားနေဦးမှာ။
ဆူဇန်၁၃ ။       ။ ငါ နင့်ကို ‘ဖေ့စ်ဘွတ်’ သူ ငယ်ချင်းစာရင်းကနေ ထုတ်ပစ်လိုက်တော့မယ်။
ချစ်လူငယ်၆၉ ။  ။ ဆူဇန်
ချစ်လူငယ်၆၉ ။  ။ ဆူဇန်
ချစ်လူငယ်၆၉ ။  ။ ဆူဇန်
ချစ်လူငယ်၆၉ ။  ။ ဆူဇန်
ဆူဇန်၁၃ ။       ။ နင် ဘာပြောချင်သေးလို့လဲ။
ချစ်လူငယ်၆၉ ။  ။ မင်းရဲ့ သွေးတွေနဲ့ ငါ ရေ ချိုးချင်တယ်လို့ပြောချင်တာ။
ဆူဇန်၁၃ ။       ။ နင်ဟာ အရူးပဲ၊ တကယ့် အရူးအစစ်ပဲ။
ချစ်လူငယ်၆၉ ။  ။ အဲဒီအရူးက မင်းကို မြင်နေ နိုင်တယ် ဆူဇီ။
ဆူဇန်၁၃ ။       ။ ဘယ်လိုလုပ်မြင်မှာလဲ၊ ငါ့ ဆီမှာ Web Cam မှ မရှိတာ။
ချစ်လူငယ်၆၉ ။  ။ အဲဒါတွေ မလိုဘူး၊ ငါက မင်းကို မြင်ကိုမြင်နေရတာ။
ဆူဇန်၁၃ ။       ။ ကောင်းပြီ၊ နင် ငါ့ကို မြင် နေရတယ်ဆိုရင် ငါ ဘယ်မှာလဲဆိုတာလဲဆိုတာ ပြောကြည့်။
ချစ်လူငယ်၆၉ ။  ။ မင်းရဲ့ အိမ်ထဲမှာလေ။
ဆူဇန်၁၃ ။       ။ ဒါတော့ နင် ပြောမှလား၊ ငါက အိမ်ထဲမှာမနေလို့ ဘယ်မှာ သွားနေရမှာလဲ၊ သေချာအောင်ပြောလေ။
ချစ်လူငယ်၆၉ ။  ။ မင်းက မင်းရဲ့အိမ်ထဲက ဧည့်ခန်းထဲမှာ ဆိုဖာပေါ်ထိုင်နေပြီး ဧည့်ခန်းဆောင် စားပွဲမှာ ‘လက်ပ်တော့’ တင်ထားရင်း ငါနဲ့ စကား ပြောဖို့ ‘ဖေ့စ်ဘွတ်’ သုံးနေတယ်လေ။
ဆူဇန်၁၃ ။       ။ ဘုရားရေ၊ အဲဒါကတော့ ကွက်တိပဲ၊ နင် ဘယ်လိုသိနေတာလဲ။ ငါ နင့်ကို ကြောက်သွားပြီဟာ၊ တော်ပါတော့၊ နောက်မှ တွေ့ ကြမယ်နော်။
ချစ်လူငယ်၆၉ ။  ။ မရပ်လိုက်နဲ့ဦး ဆူဇန်
ချစ်လူငယ်၆၉ ။  ။ မရပ်လိုက်နဲ့ဦး ဆူဇန်
ချစ်လူငယ်၆၉ ။  ။ မရပ်လိုက်နဲ့ဦး ဆူဇန်
ချစ်လူငယ်၆၉ ။  ။ မရပ်လိုက်နဲ့ဦး ဆူဇန်
ဆူဇန်၁၃ ။       ။ ရပ်လိုက်ပါရစေတော့၊ ငါ နင့်ကို အရမ်းကို ကြောက်နေပါပြီ။
ချစ်လူငယ်၆၉ ။  ။ ဆူဇန်- ငါ့ကို တကယ် ရပ်ခိုင်းစေချင်တယ်ဆိုရင် ‘နင် ဘယ်မှာလဲ’ ဆိုတဲ့ မေးခွန်းတစ်ခု မေးပေး။ အဲဒါဆို မင်းရဲ့ ‘ဖေ့စ်ဘွတ်’ သူငယ်ချင်းစာရင်းထဲကပါ ထွက်ပေးလိုက်မယ်။
ဆူဇန်၁၃ ။       ။ ကောင်းပါပြီ၊ ငါ မေးပေးပါ့မယ်၊ ‘နင် ဘယ်မှာလဲ’ ဟင်။
ချစ်လူငယ်၆၉ ။  ။ ငါက အခု နင်ထိုင်နေတဲ့ ဆိုဖာနောက်မှာပဲ ရှိနေတာ။
သမီးလေးနဲ့ သမီးလေးရဲ့သူငယ်ချင်း ချစ်လူ ငယ်၆၉တို့ရဲ့ အပြန်အလှန်စကားတွေကို ဖတ်ပြီး သွားတဲ့ကျွန်မအတွက် စဉ်းစားစရာတွေ အများကြီး ဖြစ်သွားခဲ့ပါတယ်။ သေချာတာက သမီးလေးကို သတ်၊ ကလီစာတွေကို ထုတ်ထားခဲ့သူဟာ ‘ဖေ့စ်ဘွတ်’ ထဲကသူငယ်ချင်း ‘ချစ်လူငယ်၆၉’ ဖြစ်ပါ တယ်။ ဒါပေမယ့် အဲဒီ ‘ချစ်လူငယ်၆၉’ ကို ဘယ်လို အရေးယူမှာလဲ။
သမီးလေးရဲ့ ‘ဖေ့စ်ဘွတ်’ စကားပြောမှတ်တမ်းကို ကျွန်မ ဖတ်ပြီးသွားတဲ့အချိန်မှာပဲ ယောက်ျား ဖြစ်သူ ဖုန်းဆက်ခေါ်လိုက်တဲ့ရဲတပ်ဖွဲ့ဝင်တွေ အိမ်ထဲ ရောက်လာကြပါတယ်။ တာဝန်အရ သမီးလေးရဲ့အလောင်းကို ဓာတ်ပုံရိုက်ခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာသဲလွန်စများ ရှာဖွေခြင်းတွေ လုပ်ခဲ့ကြပါ တယ်။ ကျွန်မ အပြည့်အစုံဖတ်ထားပြီးခဲ့တဲ့ သမီး လေးရဲ့ ‘ဖေ့စ်ဘွတ်’ စာမျက်နှာပေါ်က အပြန်အလှန် စကားပြောမှတ်တမ်းတွေကိုလည်း ပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ရရှိထားသမျှအချက်အလက်တွေ နဲ့ တရားခံဖော်ထုတ်နိုင်ရေး ကြိုးစားခဲ့ကြပါတယ်။ ယနေ့အထိ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။
ဒါဆိုရင် သမီးလေးက သရဲတစ္ဆေတွေက သတ် ဖြတ်တာကို ခံခဲ့ရတာလား။ ကျွန်မ စဉ်းစားမရတာက သမီးလေးကို သတ်ခဲ့တဲ့သရဲတစ္ဆေတစ်ယောက် ယောက်က အဲဒီလောက်တောင် ခေတ်မီနေလို့လား။ ‘ဖေ့စ်ဘွတ်’ သုံးနိုင်နေလို့လား။ ဘာပဲဖြစ်ဖြစ် ‘ဖေ့စ်ဘွတ်’ သုံးစွဲနေတဲ့ကလေးတွေ သတိထားနိုင်အောင် ကျွန်မရဲ့ ဒီအဖြစ်အပျက်ကို တင်ပြသင့်တယ်ထင်လို့ တင်ပြလိုက်တာဖြစ်ပါတယ်။
ခွန်လှိုင်း ရှာဖွေတင်ဆက်သည်။
Source : Internet
Credit - manawmayajournal
Open Source URL
http://manawmayajournal.com/facebook-သုံးတဲ့-သရဲ-ခွန်လှိုင်း/
Sunday, January 29, 2017
နိုင်ငံတော် ဝမ်းနည်းမှု
Photo - မိုးမခ
သူ့ အသား မည်းတယ်
သူ့ စကား ဝဲတယ်။
အသားမည်းလည်း အသည်းဖြူ
စကားဝဲလည်း စကားမဝေ့သူ။
သူဟာ
ဥပဒေဘက်တော်သားကြီး
ပြည်သူ့ ဘက်တော်သားကြီးပါ။
“ဦးကိုနီ”
ကျည်ဆံနဲ့ အဓမ္မကျင့်ခံလိုက်ရပြီလား
ဥပဒေဖက်လို့ 
ဥပဒေမဲ့ခံလိုက်ရသတဲ့လား။
လူမျိုး ဘာသာဆိုတာ
ပညက်ချက် ယုံကြည်ချက်
ဝေါဟာရ သတ်မှတ်မှုသာ။
အသားအရောင် ဘယ်လိုကွဲကွဲ
ဖောက်ကြည့်လိုက်
သွေးနီရောင် တမျိုးတည်းပါ။
ကိုးကွယ်ရာ ဘယ်လိုကွဲကွဲ
နှလုံးလှဖို့  အဓိကပါ။
ကျုပ်တို့ ဗမာပြည်
အလွန်ရှုပ်တယ်
အလွန်နုပ်တယ်။
တကိုယ်ကောင်း များတယ်
မစ္ဆရိယ ပွားတယ်။
ဥပဒေတည့်မတ်ချင်လွန်းသူရဲ့
နောက်ဆုံးခရီး ကျည်တတောင့်နောက်ကွယ်မှာ
အာဏာပြုတ်တို့ ရဲ့ အညှိုးအတေး
မှောင်ခိုအရှုပ်တို့ ရဲ့ မူးယစ်ဆေး
ခရိုနီသရုပ်တို့ ရဲ့ ကျူးညစ်ထေး
ဒါတွေ ရှိခဲ့လေသလား
သံသယ ဝင်စရာ။
ဘာသာရေး လူမျိုးရေး
ရှုပ်အောင်လုပ်ဖို့ 
နိုင်ငံရေးအကောက်ကြံဖို့ 
ဘာသာခြားရှေ့ နေကြီးကို
လုပ်ကြံ စတေးရစ်ကြသလား
တွေးချင့်စရာ။
ဒီလိုသာ တကယ်ဖြစ်ရင်
ဦးကိုနီ ဆုံးပါးခန်းဟာ
နောင် ရှုပ်ထွေးလာမယ့်
နိုင်ငံတော် အကျပ်အတည်း မီးစ။
ပြည်သူ့ ဘက်တော် ဥပဒေသမားကြီး
ဥပဒေမဲ့ လုပ်ကြံခံရခြင်းဟာ
နိုင်ငံတော် ဝမ်းနည်းမှု
ဗမာပြည် ပူဆွေးမှုပါဗျာ။
“ကောင်းရာဘုံဘဝ လားပါစေ ဦးကိုနီ
အာမင်.,.”
ကျော်ဟုန်း
၂၀၁၇၀၁၂၉
(မိုးမခ မဂ္ဂဇင်း) ဇန်နဝါရီ ၂၉၊ ၂၀၁၇
Open Source URL