Wednesday, January 25, 2017
ထွက်ပေါက်
ပူပင်သောကတွေကို
သက်ပြင်းနဲ့အတူ မှုတ်ထုတ်လိုက်ပေမဲ့
လျော့ကျမသွားတဲ့ရင်ဘတ်က
ကျောက်တုန်းနဲ့ ဖိနင်းထားသလို
လေးလံလွန်းလှ
အသွင်မတူ အိမ်သူမဖြစ်တဲ့
အိမ်သူဖြစ်ပေမဲ့
အသွင်တူတာကော
သေချာလို့လား…
အချစ်နဲ့စစ်ဟာ အတူတူပဲ
အိမ်ထောင်ဟာ တစ်သက်စာ
လွတ်ရက်မရှိတဲ့ အကျဉ်းထောင်
ထွက်ပေါက်မရှိ ဂယ်ပေါက်မရှိ
ကယ်သူမရှိ လူသူမရှိ
ကြမ်းတမ်းတဲ့လမ်းဆိုတာ
တကူးတကမဟုတ်ဘူး
ဘဝခရီးလမ်းပဲ…
အလိုကျရင်ပျော်တယ်
အလိုမကျရင်ငိုတယ်
ရမ္မက်နဲ့ကျတဲ့ အိမ်ထောင်
ထွက်ချေနဲ့ကျတဲ့ အိမ်ထောင်
မေတ္တာနဲ့ကျတဲ့ အိမ်ထောင်
ငါတော့…
ဘယ်အိမ်ထောင်မှသဘောမကျဘူး…
ဖြစ်နိုင်ရင်
ထောင်တွေအကုန်လုံးကိုရိုက်ချိုးပြီး
ထောင်ထဲက လူတွေအားလုံးကို
အတောင်ပံတစ်စုံဆီတပ်ပေးလိုက်ချင်တယ်
ငါကိုယ်တိုင် အတောင်ပံ
တစ်စုံတပ်ပြီး ထောင်တွေနဲ့ အဝေးဆုံး
ကမ္ဘာတစ်ခုဆီခုပဲ
လွတ်လွတ်လပ်လပ်ပျံသန်းသွားချင်ပါရဲ့….
ကသစ်ညို
July 8th, 2016 Yati ရသကဗျာ
Open Source URL
http://yatimagazine.com/archives/18747
Wednesday, January 18, 2017
ထမင်းနှင့် လဲစားခဲ့သော ကမ္ဘာကျော်ပန်းချီကားကြီး
![]() |
| Photo - Google Image Search |
အီတာလျံပန်းချီဆရာကြီး ရက်ဖေယယ်လ် (၁၄၈၃ - ၁၅၂၀)၏ La Madonna Della Sedia အမည်ရှိ ကမ္ဘာကျော်ပန်းချီကားကြီးသည် ယခုအခါ တန်ဖိုးမဖြတ်နိုင်အောင် ရှိနေသည်။ ဒေါ်လာသန်းပေါင်းများစွာပေး၍ ဝယ်ယူသော်လည်း မရနိုင်ပေ။ မူလ ပန်းချီရေးဆွဲသူ ပန်းချီဆရာ ရက်ဖေယယ်လ်မှာမူ ထိုပန်းချီကားကို ၂၅- ဆင့်(မြန်မာငွေ ၂-ကျပ်ခန့်)တန် ထမင်းတစ်နပ်စာနှင့်လဲ၍ စားခဲ့ရပေသည်။
ထိုပန်းချီကားကို ရေးဆွဲချိန်မှာ ညနေဆည်းဆာချိန်ဖြစ်သည်။ တစ်နေရာတွင် မိခင်တစ်ဦးသည် ကလေးငယ်တစ်ဦးကို ပေါင်ပေါ်တွင်ချီထားလျက် တေးဆိုချော့နေသည်။ သားကြီးကလည်း မိခင်အနီးတွင် ရှိနေသည်။ ထိုမြင်ကွင်းကို ပန်းချီဆရာ ရက်ဖေယယ်လ် မြင်တွေ့သောအခါ ရင်ထဲ၌ လှုပ်ရှားသွားသည်။ ပုံတူကူး၍ ပန်းချီရေးဆွဲလိုစိတ်များ တဖွားဖွားပေါ်လာသည်။
ထိုအချိန်က သူ့ထံတွင် ပန်းချီဆွဲရန် ကင်းဗတ်ပြား အသင့်မရှိ။ အနီးတွင် ဝိုင်အရက်စည်ဖုံးသော သစ်သားပြားဝိုင်းကြီးတစ်ခုသာ ရှိသည်။ သူသည် ထိုသစ်သားပြားဝိုင်းကြီးကိုပင် ယူကာ ယင်းအပေါ်မှာပင် မိခင်နှင့် ရင်သွေးနှစ်ဦးပုံကို ရေးဆွဲလိုက်သည်။ ထို့နောက် ထမင်းဆိုင်တွင် ထမင်းစားသည်။ ထမင်းဖိုး ၂၅-ဆင့်ပေးရန် ပိုက်ဆံမရှိ။ ထိုပန်းချီကားကိုပင် ပေးခဲ့လေသည်။
ယခုအခါ ထိုပန်းချီကားကို အီတလီပြည်၊ဖလော်ရင့်စ်မြို့ရှိ ပန်းချီပြတိုက်ကြီးတွင် ချိတ်ဆွဲထားသည်။ ကမ္ဘာကျော်ပန်းချီကားကြီး ဖြစ်နေကာ တန်ဖိုးမဖြတ်နိုင်အောင် ရှိနေပေသည်။
မင်းစောထက်
အကိုး ။ ။
Ripley's Believe it or not.
---------------------------------------------------
ဝန်ခံချက်
မြတ်မင်္ဂလာ စာစောင်
အတွဲ - ၃၂၊ အမှတ် - ၄၊
၂၀၁၆ - ခုနှစ် ၊ အောက်တိုဘာလ ထုတ်မှ ပြန်ကူးယူ(စာစီ/စာရိုက်)၍
ဤ ဘလော့၌ တင်ထားခြင်းဖြစ်ပါသည်။
ကိုစိုင်းငယ်(တောင်ကြီး)
Tuesday, January 10, 2017
ကြက်သွန်နီအခွံတွေကို မလွှင့်ပစ်သင့်တဲ့အကြောင်းရင်း
![]() |
| www.7daydaily.com |
အနံ့ပြင်းပေမယ့်လို့ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီးရှိတဲ့ ကြက်သွန်နီဟာ အခွံကလည်း ကျန်းမာရေးအတွက် ထောက်ကူ ပေးတယ်ဆိုရင် အံ့သြမိကြမှာပါ။ ဒါလေးဖတ်ပြီးရင်တော့ ဘာ ကြောင့် ကြက်သွန်ခွံတွေ လွှင့် မပစ်သင့်လဲဆိုတာ သိနိုင်မှာပါ။
- ကြက်သွန်ခွံထဲက အာဟာရ ဓာတ်တွေ အလဟဿမဖြစ်စေဖို့ အတွက် ဟင်းလျာတို့၊ စွပ်ပြုတ် တို့ချက်တဲ့အခါမှာ ကြက်သွန်ခွံ ထည့်ချက်ပြီး အာဟာရဓာတ်တွေ ရယူကာ ပြီးမှ အခွံတွေကို ဖယ် ထုတ်တာမျိုးလုပ်ပါ။
- ကြက်သွန်ခွံဟာ ခြေထောက် ကြွက်တက်တာတွေကိုလည်း သက်သာပျောက်ကင်းစေတာမို့ ကြက်သွန်ခွံကို ရေထဲမှာ မိနစ် ၂၀ လောက်စိမ်ထားပြီး အရည်စစ်ယူ ကာ ညမအိပ်ခင် တစ်ပတ် လောက် ပုံမှန်သောက်ပေးရင် ကြွက်တက်တာ ပျောက်ကင်းစေ ပါတယ်။
-သိုးမွေး (ဒါမှမဟုတ်) သိုးမွေး အဝတ်အထည်တွေအတွက် ဆိုးဆေးအဖြစ် ကြက်သွန်ခွံကို သုံးတယ်လို့ သိရပါတယ်။
- အမြစ်ပိုင်းမှာ ကြက်သွန်ခွံ အနည်းငယ် ချန်ထားပြီးမှ အဲဒီ အခွံကိုကိုင်ပြီး ကြက်သွန်လှီးရင် လက်ကို ဓားရှတာတွေ ကာကွယ် ပြီးသား ဖြစ်စေပါတယ်။
- ကြက်သွန်ခွံ ၅၀ ဂရမ်လောက် ကို ရေနွေးဆူဆူထဲမှာပြုတ်ပြီး ဖန်ခွက်တစ်ဝက်စာလောက် အထိရရင် အရည်စစ်ပြီး ဆံပင် ဆိုးဆေးအဖြစ်လည်း သုံးနိုင်ပါ တယ်။
- ကြက်သွန်နီဟာ ဆာလဖာ ကြွယ်ဝတဲ့အတွက် ဆံပင်သား မကောင်းသူတွေဆိုရင် ကြက် သွန်ခွံပြုတ်ထားတဲ့ အရည်နဲ့ ဦး ရေပြား၊ ဆံပင်တို့ကို သုတ်လိမ်း ပေးရင် ဆံသားကောင်းစေတယ် လို့ဆိုပါတယ်။
- ကြက်သွန်ခွံကို အခြောက်ခံ အမှုန့်ကြိတ်ပြီး မုန့်လုပ်ရာမှာ ဂျုံမှုန့်နဲ့အတူရောပြီး သုံးတာမျိုး လုပ်နိုင်ပါတယ်။
- အရေပြားယားယံတာတွေ ဖြစ် ရင်လည်း ယားယံတဲ့နေရာကို ကြက်သွန်ခွံနဲ့ ညင်ညင်သာသာ ပွတ်ပြီး ဆပ်ပြာနုနဲ့ ဆေးကြော ရင် သက်သာစေပါတယ်။
ကြက်သွန်ခွံကို သုံးတဲ့နေရာ မှာ တစ်ခု သတိထားဖို့လိုတာက ကြက်သွန်ခွံမှာ ရောဂါပိုးမွှားတွေ ရှိနေနိုင်တဲ့အချက်ဖြစ်ပြီး အော်ဂဲနစ် ကြက်သွန်နီရဲ့ အခွံဆိုရင် ပိုသင့်တော်ပါတယ်။ ကိုယ်ဝန် ဆောင်တို့၊ နို့တိုက်မိခင်တို့ဆို ရင် အရေပြားယားယံတတ်တဲ့ အတွက် အထက်ဖော်ပြပါ နည်းလမ်းတွေကို မသုံးသင့်ဘူးလို့ သိရပါတယ်။
—Ref: stylecraze
Open Source URL
http://www.7daydaily.com/story/85518
Sunday, January 08, 2017
လရဲ့အဝေးက လူ
အဝေးက "လ"
ဝေးလို့ လှတာလား
ငေးလို့ လှတာလား
ဝေးလို့ပဲ လှလှ
ငေးလို့ပဲ လှလှ
သေချာသည်က
ထို "လ"
ကျွန်တော် "တ"တိုင်း မရ။
ကိုစိုင်းငယ်(တောင်ကြီး)
Friday, October 21, 2016
ငြမ်းပေးတဲ့လမ်း
‘‘ဟဲ့… ကိုအောင်တင် ဆုံးပြီတဲ့”
‘‘ဟယ်… ဖြစ်မှဖြစ်ရလေ။ ဘာဖြစ်တာတဲ့လဲ”
‘‘အစာအိမ်သွေးကြောပေါက်တာကို အချိန်မီ မခွဲနိုင်လို့ဆိုလား”
‘‘ကလေးနှစ်ယောက်တော့ ဒုက္ခပါပဲဟယ်”
‘‘လိမ္မာတဲ့ ကလေးတွေကျတော့လည်း ကံဆိုးလိုက်တာနော်”
ကျူးကျော် ရပ်ကွက်တစ်ခုရဲ့ မီဒီယာ တစ်ခုလုံး ခေတ်အစားဆုံး သတင်း တစ်ပုဒ် ဖြစ်သွားတယ်။ ကိုအောင်တင် ဆိုတာ ဘာမှမကြီးကျယ် မခမ်းနားတဲ့ ဆိုက်ကားသမား တစ်ယောက်ပါ။ ဆိုက်ကားသမား တစ်ယောက်သေတာ ဒီလောက်ကြီး အုတ်အော်သောင်းတင်းဖြစ် ရတဲ့ အကြောင်းရင်း ရှိတယ်လေ။ အဓိကကတော့ သူ့ရဲ့ ကလေး နှစ်ယောက်ကြောင့်ပါ။ ကိုအောင် တင်တို့လင်မယား ဒီရပ်ကွက်ကို စရောက် လာတုန်းက လင် ကိုယ် မယားနှစ်ယောက်တည်း။ ဘယ် အရပ်ဘယ်ဒေသကမှန်း တိတိ ကျကျ ဘယ်သူမှမသိကြဘူး။ ထုံးစံ အတိုင်း နေစရာမရှိလို့လွတ်တဲ့ နေရာလေးမှာ တဲထိုးပြီး နေဖို့ ရောက်လာကြတာ။ ဒီရပ်ကွက်က လူတွေ အကုန်လုံးလည်း ဒီလိုချည်းပဲလေ။ နောက်တော့လည်း ချက် မြုပ်လို ဖြစ်သွားကြတဲ့သူတွေချည်း ပါပဲ။
မိန်းမက အငယ်ကောင်လေး ကို မွေးပြီး မီးတွင်းထဲ မှာတင် ဆုံးသွားတာ။ ကိုအောင်တင် ခမျာ နှစ်နှစ် သမီးလေး နဲ့ လသား အရွယ် သားလေး ကို ထိန်းရတာ တစ်ဖက်၊ ဆိုက်ကားနင်းရတာ တစ်ဖက်နဲ့ တော်တော်ကြီး ကို ကသီခဲ့တာကိုး။ ကိုအောင်တင်က ဖအေမို့ လို့ မွေး တယ်လို့ နာမည်တပ်ရပေမဲ့ တကယ်တမ်းကျတော့ ရပ်ကွက်က အိမ်ပေါက်စေ့ ဝိုင်းထိန်းတာ များ ပါတယ်။ ခုဆို အကြီးမလေးက (၇) တန်း၊ အငယ်ကောင်လေးက (၅) တန်းတောင် ရောက်နေပေါ့။
အဲဒီလို အချိန်ကျမှ ကိုအောင်တင်က ဆုံးတယ် ဆိုတော့ ကလေး နှစ်ယောက် ဒုက္ခရောက်ပြီပေါ့။ သာမန် ဆိုရင်တော့ လူတွေက စုတ်သပ် ရုံနဲ့ ပြီးသွားမှာပါ။ ခု ကလေးတွေက ရပ်ကွက်က ဝိုင်း မွေးထားလို့ သံယောဇဉ် ဖြစ်နေကြ တာကတစ်ဖက်၊ ကလေးတွေက ရုပ် ရည်လေးတွေ သန့်သလို ထူးထူးခြားခြားလိမ္မာပြီး အနေ အထိုင် သိမ်မွေ့ကြတာ တစ်ချက် ကြောင့် ဝိုင်းကရုဏာ သက်နေကြ တာလေ။
ခက်တာက ဘယ်လိုပဲ ကရုဏာ သက်သက် ခေါ်ပြီးမွေး ထားနိုင်လောက်အောင် ချောင်တဲ့ အိမ် တစ်အိမ်မှ မရှိဘူး။ ဒီရပ်ကွက် မှာ ကိုအောင်တင် တို့အိမ်က သား သမီး အနည်းဆုံးပဲ။ ဒီတော့ ကရုဏာ သက်ရုံလောက်ပဲ တတ် နိုင်ကြပေမပေါ့။
ကိုအောင်တင့် အသုဘကို ရပ်ကွက်က တာဝန်ယူပြီး သင်္ဂြိုဟ် လိုက်ကြတယ်။ ရက်လည်ပြီးတော့ ကလေးနှစ်ယောက် နဲ့အတူ ပဲပြုတ် သည် အပျိုကြီး မအေးဆင့်ကို ရပ်ကွက်အစီအစဉ်နဲ့ နေစေလိုက် တယ်။ ကလေးတွေက ကျောင်းမှာ အဆင့် တစ်၊ နှစ်၊ သုံးဝင်အောင် စာတော် ကြပေမဲ့ မတက်ကြရတော့ ဘူး။ ရပ်ကွက်ကလည်း သူတို့ဘာ သာသူတို့တောင် မနက်စာညစာ အလျဉ်မီအောင် မနည်း ရှာစားနေ ကြရတဲ့ သူတွေချည်း မဟုတ်လား။ သူတို့မောင်နှမ ကတော့ ဝမ်းရေး အတွက် ဟင်းသီးဟင်းရွက်လေး တွေ၊ ရာသီ စာလေးတွေ ဆန်ကော ထဲထည့်ပြီး လှည့်ရောင်းကြရတာပေါ့။ ဟိုအိမ်က ဟင်းလေးပေး၊ ဒီအိမ်က ထမင်းလေးပေးနဲ့ အဆင် ပြေသလိုပါပဲ။
ကလေးတွေရှေ့ရေးကို ဦးနှောက်ခြောက်နေသူ ကတော့ ရပ်ကွက်လူကြီး ဦးမောင်ခင်ပဲ။ သူက စဉ်းစား ချင့်ချိန်တတ်တဲ့သူ ဆိုတော့ ကလေးတွေဟာ ဒီလို အခြေအနေမျိုးနဲ့ ဘဝကို ရေရှည် ဖြတ်သန်းလို့မရဘူး ဆိုတာ သူ တွက်ချက်မိတယ်။ နောက်ပြီးတော့ ကလေးတွေက ရုပ်ရည်အသန့် လေးတွေ။ သူတို့ပညာတော်ပုံက အပံ့ အပိုးကောင်းလိုက်ရင် မြင့်မြင့် မားမားဘဝကို ပိုင်ဆိုင်နိုင်ကြမယ် ဆိုတာ ခန့်မှန်း မိတာကိုး။ ဒါပေမဲ့ သူကိုယ်တိုင် ကလည်း တောင်မင်း မြောက်မင်း မကယ်နိုင် အခြေအနေ ဆိုတော့ ကလေးတွေအနာဂတ် အတွက် ဘာလုပ်ပေးသင့်တယ် လို့ အမြဲစဉ်းစားနေမိတော့တာပဲ။
ဒါကြောင့် လိုလိုမည်မည်လို့ သဘောထားပြီး ကလေးတွေရဲ့ လိမ္မာတဲ့ သတင်းကို တွေ့သမျှ လူတိုင်းဆီမှာ ကြော်ငြာဝင်တဲ့ အလုပ်ကို မှန်မှန် လုပ်ခဲ့တယ်။ သူက ပလတ်စတစ် ဘူးခွံ၊ ဘီယာ ဘူးခွံ၊ စက္ကူအဟောင်း၊ သံတိုသံစ တွေကိုကောက်တဲ့ဒိုင် ဆိုတော့ ရပ်ကွက် တကာ လှည့်နေတဲ့ လူစုံ နဲ့ ဆက်ဆံနေရတော့ ပိုပျံ့နှံ့တာပေါ့။
‘‘ဦးမောင်ခင်…ဗျို့… ဦးမောင်ခင်”
တစ်ရက်မှာ ရပ်ကွက်ထဲက ရေစည်တွန်းတဲ့ ထော်ဦးက အူယားဖားယားနဲ့ ပြေးလာတယ်။
‘‘ကလေးနှစ်ယောက်ကို ဟိုဘက် ရပ်ကွက်ထဲက ပဲကျော်ဖို ပိုင်ရှင်က မွေးစားချင်လို့တဲ့ဗျ”
ဦးမောင်ခင် ရင်ထဲမှာ ထိတ် ခနဲဝမ်းသာ သွားတယ်။ ကလေးတွေ အကြောင်း သူများတွေကို ဖြန့်ဝေ ခဲ့တာ ဒီလိုဖြစ်လာဖို့ တိုက်ရိုက်ကြီး မရည်ရွယ်ပေမဲ့ တစ်မတ်သားဖိုး လောက်တော့ မျှော်လင့်ပြီး လုပ်ခဲ့ တာမဟုတ်လား။
‘‘ဟေ…ဟုတ်လား၊ ဘယ် လိုပြောလို့လဲ၊ သေသေချာချာ ပြောစမ်းပါဦးကွ”
ဦးမောင်ခင် ပျာပျာသလဲ စိတ်ဝင်စားပုံပြတော့ ထော်ဦး လည်း ပြောအားရှိပြီပေါ့။
‘‘သူတို့လင်မယားက အရာ ရာပြည့်စုံနေပေမဲ့ ကလေးမရနိုင် ဘူးတဲ့ဗျ။ ကလေး ရူးရူးနေတာကို ကျုပ်က သိတော့ ရေသွားထည့် တိုင်း ကလေးတွေ တော်ကြောင်း၊ သနားစရာ ကောင်းကြောင်းကို နေ့တိုင်းပြောတာဗျ။ သူတို့က မွေးစားဖို့တော့ အစီအစဉ် ရှိတယ်။ ဒါပေမဲ့ မျိုးရိုး မသန့်မှာလည်း စိုးရိမ်ပုံရတယ်ဗျ။ ဒီကလေးတွေ ကျတော့ အဖေအမေက ဆင်းရဲ ပေမဲ့ နာမည်ပျက်မရှိတော့ နည်း နည်းစိတ်ပါ ပုံရတယ်။ ကျုပ်က လည်း ကလေးတွေရဲ့ ဇာတ်နာပုံ တွေကို စီကာပတ်ကုံးပြောပြတော့ စိတ်ပါ သွားပုံရတယ်ဗျ။ ဒါပေမဲ့ နှစ်ယောက် စလုံးတော့ မွေးချင်စိတ် မရှိဘူးတဲ့။ ခွဲခေါ်ရင် ကောင်းပါ့ မလားလို့ ပြောတယ်ဗျ။ ကျုပ်က လည်း ကလေးနှစ်ယောက် စလုံး ဆင်းရဲနေ တာနဲ့စာရင် တစ်ယောက် ကောင်းစားသွားလည်း မနည်းဘူး ဆိုပြီး ရတယ်လို့ပြောခဲ့တယ်”
‘‘အေး…ကောင်းတယ် ထော်ဦး။ အဲဒီတော့ သူတို့က ဘာပြောလဲ”
ဦးမောင်ခင်က တံတွေး အတင်း မျိုချပြီး အငမ်းမရ မေးပါ လေရော။ ထော်ဦးက
‘‘ခင်ဗျားနဲ့လာတွေ့ပြီး ကလေးတွေကို ကြည့်ဦးမယ်တဲ့ဗျ”
ဦးမောင်ခင်က သူ့ပေါင်ကို သူ လက်ဝါးနဲ့ဖြောင်းခနဲနေအောင် ရိုက်ပြီး ပြုံးပြုံးကြီးတွေးနေလိုက် တာ။ ထော်ဦးက ပြန်တော့မယ် လို့ နှုတ်ဆက်တာတောင် ပြန်မပြော နိုင်ဘူး။
ကလေးနှစ်ယောက်ကို ပဲကြော်ဖိုက သူဌေးလင်မယားက မွေးစားတော့မယ်ဆိုတဲ့အကြောင်း ဟာ ရပ်ကွက်ထဲမှာ ပျံ့သွားတယ်။ ဦးမောင်ခင် လည်း သတင်းမေးသူ တွေကို ပြန်ကြားရေးလုပ်နေရတာ နားကို မနားရဘူး။ ကလေးနှစ် ယောက်ကို ဦးမောင်ငယ် က ခေါ် ပြော တယ်။
‘‘သူတို့က တစ်ယောက်ပဲ မွေးစားချင်တာတဲ့ကွ။ ကံကောင်း တဲ့သူ ပါသွားမှာပဲ။ ဘယ်လိုလဲ။ မင်းတို့ မောင်နှမနှစ်ယောက်ကရော ခွဲနိုင်ပါ့မလား”
ကြိုတင်မေးထားမှ ဖြစ်မှာလေ။ ပဲကြော်ဖို သူဌေးလင်မယား လာရင် သူက ယာယီ အုပ်ထိန်းသူ အနေနဲ့ တရားဝင်အောင် လုပ်ပေး ရမှာကိုး။ ကလေးတွေရဲ့သဘော ထားကို အရင်သိထားမှဖြစ်မှာ မဟုတ်လား။ တော်ကြာ အားလုံး ပြောဆိုပြီးမှ မလိုက်ချင်ပါဘူးဆို ခက်ဦးမယ်။
ဦးမောင်ခင် အဲဒီလိုပြော လိုက်တယ် ဆိုရင်ပဲ မောင်နှမနှစ် ယောက်က မျက်လုံးလေး ကလယ် ကလယ်နဲ့ တိုင်ပင်သလို အပြန် အလှန် ကြည့်နေကြတာ ဘာစကား မှ ထွက်မလားဘူး။ တော်တော် ကြာတော့မှ အစ်မလုပ်တဲ့သူက
‘‘နှစ်ယောက်စလုံး ခေါ်ပါလို့ ပြောလို့မရဘူးလား ဦးလေးရယ်” ဆိုပြီး တောင်းပန်တဲ့ အသံမျိုးလေး နဲ့ ပြောတယ်။ ဦးမောင်ခင်က
‘‘အဲဒီလိုတော့ ပြောမှာပေါ့ အေ။ ဒါပေမဲ့ တစ်ယောက်ပဲ ခေါ် သွားချင်တယ် လို့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ ဆိုတာ ကြိုတင် စဉ်းစား ထားရမှာလေ။ မခွဲချင်ဘူး ဆိုရင်တော့ အစကတည်းက အပြတ်ပြော ထားရမှာပေါ့။ ဒါပေမဲ့ သမီးတို့ကို ဦးလေးပြောချင်တာက ရပ်ကွက်ချင်းလည်း သိပ်ဝေးတာ မဟုတ်ဘူး။ ဘယ်သူ့ကိုပဲ ခေါ်သွားခေါ်သွား လိုက်သွားသင့် တယ်လို့ ထင်တယ်။ နှစ်ယောက် စလုံးက ပညာတော်ကြတော့ ကျောင်း ဆက်တက်ရင် ထူးထူးချွန် ချွန်ဖြစ်မှာ သေချာတယ်ကွဲ့။ သမီး ကလည်း အရွယ်ရောက် လာပြီ ဆို တော့ အုပ်ထိန်းသူ မရှိဘဲ အလွတ် အကျွတ်ကြီးနေလို့ မကောင်းတော့ ဘူးလေ။ တစ်ယောက်ကောင်းစား ရင် တစ်ယောက်ကို ကြည့် လို့ရ တာပေါ့အေ”
ဦးမောင်ခင် စကားက ငြင်း လို့မရပေမဲ့ မောင်နှမနှစ်ယောက် စလုံးကို တွေဝေစေခဲ့တာ အမှန်ပဲ။ သူတို့ ဦးနှောက်လေးတွေ နဲ့ မတွေး တတ်တော့တဲ့ အချိန်မှာ ဖြစ်လာ သမျှ လျောက်လျားပဲ လို့ သဘော ထားပြီး ဘာမှမစဉ်းစားတော့ ဘူး။
နောက်သုံးရက်လောက်နေ တော့ သူဌေးလင်မယားရောက် လာပြီး ဦးမောင်ခင်နဲ့တွေ့တယ်။ ကလေးတွေနဲ့ တွေ့မပေးခင် ဦးမောင်ခင် က ကလေးတွေ အခြေ အနေကို ပြောပြပြီး နှစ်ယောက် စလုံးကို မွေးစားဖို့ တွန်းတိုက် ပြောတာပဲ။ သူဌေးလင်မယား က လည်း မြေစမ်း ခရမ်းပျိုး ရမှာဆိုတော့ နှစ်ယောက်ကြီး မမွေးချင်ဘူး။ ဘယ်လိုမှ ပြောလို့ မရတော့ သူတို့ ထိုက်နဲ့ သူတို့ကံ ဆိုပြီး ကလေးနှစ် ယောက် နဲ့ ခေါ်တွေ့ပေးလိုက် တယ်။
ကလေးတွေကို မြင်လိုက်တာ နဲ့ သူဌေး လင်မယားရဲ့ မျက်နှာဟာ မေတ္တာဓာတ်တွေနဲ့ ဝင်းလက် သွားလိုက်တာ။ ဘေးက အကဲ ခတ် နေတဲ့ ဦးမောင်ခင်တောင် အဆင် ပြေပြီ ဆိုတာ တန်းသိလိုက်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုရွေးမယ် ဆိုတာ က ပဟေဠိပဲ။ ဦးမောင် ခင် ရင်ထဲမှာ ဘုရားစာတွေ ကျိတ်ရွတ်ပြီး နှစ်ယောက်စလုံးကို ခေါ်သွားပါစေ လို့ ဆုတောင်းလိုက်ရတာ။ သတင်း ကြားလို့ လာရပ် ကြည့်သူတွေက လည်း တစ်ရပ်ကွက်လုံးနီးပါးပဲ။
အဲဒီအချိန်မှာပဲ သူဌေး ကတော်က
‘‘သားတို့ သမီးတို့က အန်တီတို့အိမ် မှာရော နေချင်ကြရဲ့လားဟင်” လို့ ချိုရွှင်နေတဲ့ အပြုံးမျက်နှာနဲ့ မေးလိုက်တယ်။ ဒီလိုမေး မယ် ဆိုတာ ဦးမောင်ခင် သိပြီးသားလေ။ ဒါကြောင့် ကလေးတွေကို ကြိုသင်ပြီးသား။ အကြီးမလေးက
‘‘ဟုတ်ကဲ့ နေချင်ပါတယ်ရှင့်။ အိမ်အလုပ်တွေကိုလည်း ကူလုပ် ပါ့မယ်။ လိမ်လိမ်မာမာနဲ့ စကား နားထောင်ပြီး စာလည်း ကြိုးစား ပါ့မယ်ရှင့်”
ပြီးပြီပေါ့။ ဦးခင်မောင်သင် ထားတဲ့အတိုင်း ကွက်တိပဲ။ သူဌေး လင်မယားဆိုတာ ကလေးမလေး ကိုဆွဲဖက်ပြီး နမ်းတော့မယ့်အတိုင်း ပီတိတွေ ဝေသွားလိုက်ကြတာ။ ပြီးတော့ ကောင်လေးကို ဆက်မေး တယ်။
‘‘သားကရော…ပြောပါဦး”
ဦးမောင်ခင် ရင်တွေတဒိန်း ဒိန်းခုန်လာတယ်။ သူဌေးကတော် မေးနေပုံက တစ်ယောက်ရွေးမယ့် ပုံစံနဲ့မှ မတူတော့တာ ကိုး။ နှစ်ယောက် စလုံးကို သွေးသက်ပြီး ခေါ်သွားရင် ဘယ်လောက်ကောင်း မလဲလို့ တွေးလိုက်မိတယ်။ အဲဒီ အချိန်မှာ ပဲ ကောင်လေး ဆီက ဘောက်ဆတ်ဆတ်ဖြေသံ ထွက် လာတယ်။
‘‘ကျွန်တော်ကတော့ မနေချင်ဘူး။ ကျောင်းလည်း မတက်ချင်ဘူး။ ကိုယ့်ဘာသာကိုယ် ဈေးပဲရောင်း ချင်တယ်”
ဦးမောင်ခင်ခေါင်းကို မိုးကြိုး ပစ်လိုက်သလိုပဲ။ သင်ထားတုန်းက ဒီလိုမှမဟုတ်တာကိုး။ ဒီကလေး ဘာဖြစ်လို့ ဒီလိုပြောလိုက်တာလဲ။ အကြီးမလေးကလည်း ထင်မထား တာဆိုတော့ ပါးစပ်အဟောင်းသား ပေါ့။
နောက်ဆုံး ရလဒ်ကတော့ ဘာဖြစ် ရဦးမှာလဲ။ သူဌေးလင် မယားက ကလေးမလေးကို သမီး အဖြစ် မွေးစားဖို့ ခေါ်သွားတယ် ဆိုပါတော့။ ဦးမောင်ခင်လေ .. ဒေါသဖြစ်လွန်းလို့ ကောင်လေးကို ရိုက်မိမလိုတောင် ဖြစ်သေးတယ်။ ရပ်ကွက်ထဲက လူတွေအကုန်လုံး လည်း ကောင်လေးကို တစ်ယောက် တစ်ပေါက်ဝိုင်းပြီး ဆူလိုက်ကြ၊ ငေါက်လိုက် ကြတာ ပွက်ပွက်ကို ညံလို့။ ကောင်လေး ကတော့ အလယ်ကောင်မှာ ခေါင်းငိုက်စိုက် လေးချပြီး မျက်ရည်တွေ တွေတွေ ကျလို့ပေါ့။
ကရုဏာဒေါသောနဲ့ ဝိုင်း ပြောကြတဲ့ လက်ပံပင်ဆက်ရက် ကျသလို အသံတွေ များလွန်းလာ တော့ ကောင်လေးက တစ်ခွန်း တည်း ထပြော လိုက်တာ ပါးစပ် အဟောင်းသားနဲ့ အကုန်တိတ် ဆိတ်သွားတော့တာပဲ။ ကောင် လေးငိုသံပါကြီးနဲ့ ပြောလိုက်တာက
‘‘သူတို့က ကျွန်တော့်ကိုပဲ ခေါ်ချင်တယ်ဆို မမတစ်ယောက် တည်း ကျန်နေခဲ့မှာပေါ့ဗျ” တဲ့။
သက်ဦးမောင်
ရတီမဂ္ဂဇင်း ရသဝတ္ထုတို
http://yatimagazine.com/archives/19008
Monday, October 03, 2016
Friday, September 30, 2016
ချစ်သောတွမ်အင်န်ဂျယ်ရီ
![]() |
| Photo - google image |
ငါဟာ
ငါမဖြစ်ခဲ့ဘူးဆိုရင်
တွမ်အင်န်ဂျယ်ရီ ဖြစ်ချင်တယ်။
ဘယ်သူကလိုက်လိုက်
ဘယ်သူကပြေးပြေး
အားလုံးကိုအပြုံးဆေး ကျွေးနေရရင်
ပြတ်သွားတဲ့လက်တွေ ပြန်ဆက်မယ်။
ကွဲသွားတဲ့ခေါင်းတွေ ပြန်ကောင်းမယ်။
ဆယ်ပေါင်တူကြီးနဲ့ထုပြီး
ပုသွားတော့လည်း ပြန်ရှည်မယ်။
နာကျင်ရလွန်းလို့
ထွက်သွားရတဲ့ကြယ်တွေလည်းပဲ
ပြန်လည်ချိတ်ဆွဲတောက်ပမယ်။
တွမ်အင်န်ဂျယ်ရီဆိုတာ
အမြှောက်ထဲထည့်ပစ်ခံရပြီး
ပြန်လာနိုင်ကြတဲ့ သူရဲကောင်းတွေပဲ။
သုခမိန်လှိုင်
Subscribe to:
Posts (Atom)
-
ဓာတ်ပုံ−ညီညီဇော်(7daydaily) စာအုပ်အငှားဆိုင်လေးထဲသို့ ၀င်လိုက်သည့်အခါ တိတ်ဆိတ်ခြင်းက စတင်ဆီးကြိုနှုတ်ဆက်သည်။ ညီညီညာညာ စီထားပုံရသော...
-
Apessimist sees the difficulty in every opportunity; an optimist sees the opportunity in every difficulty. Winston Churchill (1874 - 196...
-
Photo - Google Image My Books are friends that never fail me. Thomas Carlyle (1795-1881) ကျွန်တော့ စာအုပ်တွေဟာ ကျွန်တော့ကို ဆံ...






