Thursday, August 10, 2017
အဆို​တော်​ဦးခိုင်​ထူး အတွက်
Photo - ဂီတအ​​​ကြောင်း​သောင်း​ပြောင်း​ထွေလာ Facebook Page မှ
စစ်​ကိုင်းလမ်း မှသည်
မမြင်​နိုင်​​သော
ဟိုး အ​ဝေး လမ်းမကြီးဆီ သို့...
ဦးခိုင်​ထူး ထွက်​ခွာသွားခဲ့ပြီ။
အားလုံးကို ​ကျော်​ဖြတ်​ရမယ်​ တဲ့။
သေခြင်းတရားကို
ကျော်​ဖြတ်​မရနိုင်​တဲ့ အ​ကြောင်း
အားလုံးကို တရားပြသွားတယ်​ထင်​ပါရဲ့။
မရဏမင်းဟာ
ဦးခိုင်​ထူးရဲ့ အသက်​နဲ့ ခန္ဓာကိုယ်​ကိုသာ
ရိတ်​သိမ်းလိုက်​နိုင်​တယ်​။
ဦးခိုင်​ထူး စိုက်​ခဲ့တဲ့ သီချင်း​တွေကို​တော့ 
မရိတ်​သိမ်းနိုင်​ရှာဘူး။
သီချင်းတစ်​ပုဒ်​ ပန်းတစ်​ဆုပ်​။
ဦးခိုင်​ထူးဆိုတဲ့ အမည်​နဲ့
ဘယ်​​တော့မှ ​ပျောက်​မသွားဘူး။
ဦးခိုင်​ထူးဆိုတဲ့ 
ဂီတသမားတစ်​​ယောက်​ရဲ့ 
လက်​ထဲက ပန်းတစ်​ဆုပ်
ဘယ်​​တော့မှ ​ခြောက်​မသွားဘူး။
အဆို​တော်​ ဦးခိုင်​ထူး
ကောင်းရာမွန်​ရာ ဘုံဘဝသို့
ရောက်​ပါ​စေဗျာ...။
Photo - ဂီတပျိုးခင်း-ဂီတာအ​ခြေခံပုံပြ Lesson Facebook Page မှ
ကိုစိုင်းငယ်​(tgi)
09.08.2017(11:45PM)
Friday, August 04, 2017
Facebook သုံးတဲ့ သရဲ
၂၀၁၁ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ကျွန်မရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် သမီးလေး ‘ဆူဇန်’ (Suzanne) ဟာ လူ မဆန်လောက်အောင် ရက်စက်တဲ့နည်းနဲ့ အသတ် ခံခဲ့ရပါတယ်။ လူမဆန်လောက်အောင် ရက်စက်တဲ့ နည်းနဲ့သတ်ခဲ့တာဖြစ်တဲ့အပြင် လူသားလူသတ် သမားတစ်ယောက်က သတ်ခဲ့တာမဟုတ်ဘဲ ၀ိညာဉ် လောကသား (သရဲ) တစ်ယောက်က သတ်ခဲ့တာ လို့တောင် ယူဆစရာဖြစ်ခဲ့ပါတယ်။ ခက်တာက အဲဒီ သရဲဟာ အဲဒီလောက် ခေတ်မီသလားဆိုတာ မေး ခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။
အဲဒီနေ့ညနေ ၆ နာရီမှာ ကျွန်မနဲ့ ခင်ပွန်းဖြစ် သူတို့က ညစာစားပွဲတစ်ခု သွားစရာရှိလို့ သမီးလေး ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရပါတယ်။ အဲဒီညစာစားပွဲကို သမီးလေးကိုပါ ခေါ်သွားလို့ရပေ မယ့် သမီးလေးက မလိုက်ချင်လို့ ထားခဲ့ရတာပါ။ သမီးလေးအကြောင်းပြတာက အိမ်စာတွေ လုပ်ရ ဦးမှာမို့ မလိုက်တော့ဘူးဆိုတာပါပဲ။ ကျွန်မကတော့ သမီးလေး မလိုက်ချင်တဲ့အကြောင်းရင်းကို သိပါ တယ်။ အိမ်စာတွေရှိတာလည်း ဖြစ်နိုင်ပေမယ့် သူ စွဲလမ်းနေတဲ့ အင်တာနက်ပေါ်က ‘ဖေ့စ်ဘွတ်ခ်’ (facebook) လူမှုရေးဝက်ဘ်ဆိုက်ကို လက်မလွှတ် ချင်တာက အဓိကအကြောင်းရင်းဖြစ်ပါလိမ့်မယ်။ ‘ဖေ့စ်ဘွတ်ခ်’ လူမှုရေးဝက်ဘ်ဆိုက်ဟာ ဆယ်ကျော် သက်အရွယ်ကလေးငယ်တွေကို အရမ်းကို စွဲလမ်း စေပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်ပေးနိုင် သလို မိတ်ဆွေအချင်းချင်း ‘စာရိုက်ပြီး စကားပြောခြင်း’ (chatting) လုပ်လို့ရပါတယ်။ သမီးလေးဟာ ‘ဖေ့စ်ဘွတ်ခ်’ အသုံးပြုပြီး မိတ်ဆွေတွေနဲ့ စာရိုက် စကားပြောတာကို ည ၈ နာရီကနေ ၁၀ နာရီအထိ လုပ်လေ့ရှိတာ ကျွန်မ လေ့လာသိရှိထားပါတယ်။
ဒါကြောင့်လည်း သမီးလေး မလိုက်ချင်တာကို နားလည်ခွင့်လွှတ်ပြီး သူ့ကို အိမ်မှာထားခဲ့တာဖြစ် ပါတယ်။ ခါတိုင်းလည်း သူ့ကို အဲဒီလို အိမ်မှာထား ခဲ့တာမျိုးတွေ ရှိပါတယ်။ ကျွန်မတို့နေထိုင်တဲ့ရပ် ကွက်က လူရည်သန့်ပြီး ပြဿနာကြီးကြီးမားမား မဖြစ်ဖူးပါဘူး။ ကျွန်မတို့အိမ်ကလည်း ခိုင်ခန့်လုံခြုံ တာမို့ သမီး တံခါးဖွင့်မပေးရင် ဘယ်သူမှ အိမ်ထဲ မ၀င်နိုင်ပါဘူး။ တယ်လီဖုန်းလည်း ရှိတာမို့ တစ်ခု ခု ထူးခြားရင် ရဲကို ဖုန်းဆက်တိုင်ကြားလို့လည်း ရပါတယ်။ ဒါ့ကြောင့်လည်း သူ့ကို တစ်ယောက် တည်း စိတ်ချလက်ချ ထားခဲ့ကြတာပါ။
ညစာစားပွဲဟာ ည ၁၀ နာရီလောက်မှာ ပြီးဆုံး သွားပါတယ်။ ကျွန်မတို့လင်မယားနှစ်ယောက် အိမ် ပြန်ရောက်တော့ ည ၁၁ နာရီ ထိုးနေပါပြီ။ သမီး လေး အိပ်နေလောက်ပြီလို့ ယူဆလို့ လူခေါ်ခေါင်း လောင်း မနှိပ်တော့ဘဲ အိမ်ရှေ့တံခါးကို ကျွန်မတို့ ဘာသာ သော့ဖွင့်ဝင်ရောက်ခဲ့ပါတယ်။ အိမ်ရှေ့တံ ခါးက ၀င်ဝင်ချင်း ဖိနပ်ချွတ်ခန်းရှိပါတယ်။ ကျွန်မ တို့က အပြင်သွားတဲ့ဖိနပ်တွေကို အိမ်ထဲမှာမစီးပါ ဘူး။ ဧည့်သည်တွေကိုတော့ ဖိနပ်စီးဝင်ခွင့်ပြုထား ပေမယ့် ကျွန်မတို့ကိုယ်တိုင်ကျတော့ ဖိနပ်ချွတ်ခန်း မှာ ဖိနပ်ချွတ်၊ စင်ပေါ်တင် အိမ်တွင်းစီးဖိနပ်တွေ ပြောင်းစီးကြပါတယ်။ အဲဒီအချိန်အထိ ကျွန်မရဲ့ စိတ် တွေဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် အဲဒီလိုဖိနပ်လဲစီးတာ မှာ ကျွန်မက အရင်ပြီးသွားပြီး ခင်ပွန်းဖြစ်သူက နှေးနေပါတယ်။ ခါတိုင်းဆိုရင် ကျွန်မဟာ ဖိနပ်လဲ ပြီးပြီးချင်း ဖိနပ်ချွတ်ခန်းရဲ့ဘယ်ဘက်မှာရှိတဲ့ဧည့် ခန်းတံခါးကို ဖွင့်ပြီး အိမ်ထဲဝင်သွားလေ့ရှိပါတယ်။ ဒီနေ့ကျတော့ ကျွန်မတစ်ယောက်တည်း အဲဒီလို ၀င်သွားရမှာကို ကြောက်ရွံ့နေသလိုလို ဖြစ်နေပါ တယ်။ ဒါကြောင့် ဧည့်ခန်းတံခါးလက်ကိုင်ဖုကို ကိုင် ပြီး လှည့်ဖွင့်လိုက်မလား၊ ခင်ပွန်းဖြစ်သူ လိုက်အ လာကို စောင့်မလားဆိုပြီး ချီတုံချတုံ ဖြစ်နေပါတယ်။ဒီလိုဖြစ်တာ သိပ်မကြာလိုက်ပါဘူး။ ခင်ပွန်းဖြစ်သူ က ကျွန်မ ကျောနားရောက်လာတာမို့ ဧည့်ခန်း တံခါးကို လှည့်ဖွင့်လိုက်ပါတယ်။ တံခါးပွင့်သွားတာ နဲ့ ထိန်ထိန်လင်းနေတဲ့လျှပ်စစ်မီးရောင်အောက်မှာ မျှော်လင့်မထားတဲ့ဧည့်ခန်းထဲကမြင်ကွင်းကို ရှင်းရှင်း လင်းလင်းကြီး မြင်တွေ့လိုက်ရပါတယ်။ ကျွန်မဟာ လန့်သွားတဲ့စိတ်ဇောအဟုန်နဲ့ အော်ဟစ်လိုက်ဖို့ ပါး စပ်ဟလိုက်ပါတယ်။ ဒါပေမယ့် ချက်ချင်းပဲ ကျွန်မ ရဲ့နောက်ကျောမှာရှိနေတဲ့ခင်ပွန်းဖြစ်သူက သူ့လက် ဖ၀ါးတစ်ဖက်နဲ့ ကျွန်မပါးစပ်ကို ပိတ်ပစ်လိုက်တဲ့ အတွက် အသံထွက်မလာတော့ပါဘူး။ ကျွန်မမြင် ရတဲ့မြင်ကွင်းကို ကျွန်မယောက်ျားလည်း မြင်လိုက် ပုံရပါတယ်။ သူက ကျွန်မနားနားမှာကပ်ပြီး တီးတိုး လေသံနဲ့ ပြောလာပါတယ်။
“သတိထား ဟန်နီ၊ သတိကြီးကြီးထားစမ်း၊ စိတ်ကို မလွှတ်လိုက်နဲ့၊ သမီးကို သတ်တဲ့လူသတ် သမားဟာ အိမ်ထဲမှာပဲ ရှိနေနိုင်တယ်”
ဖြစ်နိုင်ပါတယ်။ ယောက်ျားပြောတာ ဖြစ်နိုင် ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းက ကျွန်မတို့ရဲ့ တစ်ဦးတည်းသောသမီး လေး ‘ဆူဇန်’ ဟာ ဧည့်ခန်းအလယ်မှာ သွေးသံ ရဲရဲနဲ့ ပုံပျက်ပန်းပျက် လဲကျသေဆုံးနေတာဖြစ်ပါ တယ်။ ယောက်ျားက ဆက်ပြီး တီးတိုးပြောပါတယ်။
“ဟန်နီရေ၊ မင်း ဒီဖိနပ်ချွတ်ခန်းမှာ နေခဲ့၊ အိမ်ရှေ့တံခါးကိုလည်း အသင့်ဖွင့်ထား၊ ကိုယ် အိမ် ထဲကို ၀င်သွားမယ်၊ လူသတ်သမားကို အခန်းတိုင်း မှာ ရှာမယ်၊ တစ်ခုခု ထူးခြားရင် မင်းကြားရအောင် ကိုယ် အသံကုန်ဟစ်ပြီး ပြောမယ်၊ အဲဒီကောင်ကို ကိုယ် တိုက်ခိုက်မယ်၊ ကိုယ်ရှုံးရင်တော့ မင်း ထွက် ပြေးပြီး ပတ်ဝန်းကျင်မှာ အကူအညီတောင်းပေ တော့”
“ဖြစ်ပါ့မလား ကိုရယ်”
ကျွန်မ စိုးရိမ်မိပါတယ်။
“အခုကတည်းက ကျွန်မတို့ အပြင်ထွက်ပြီး အကူအညီတောင်းရင် မကောင်းဘူးလား”
ကျွန်မရဲ့စိတ်ကူးကို ယောက်ျားက ပယ်ချပါ တယ်။
“မဖြစ်ဘူး၊ လူသတ်သမား လွတ်သွားနိုင် တယ်၊ ကိုယ်ပြောတဲ့အတိုင်းသာလုပ်”
ပြောပြီးပြီးချင်း သူဟာ ကျွန်မရဲ့ပါးစပ်မှာ အုပ် ထားတဲ့လက်ကိုလွှတ်၊ ကျွန်မကိုလည်း နောက်ကို တွန်းပို့ပြီး ဧည့်ခန်းထဲ ၀င်သွားပါတယ်။ သူဟာ ဧည့်ခန်းထဲရောက်သွားပြီး သမီးရဲ့အလောင်းကို တစ် ချက်ပဲ ကြည့်ပါတယ်။
ပြီးတော့ တခြားအခန်းတွေ ဘက်ဆီ ထွက် သွားတာမို့ သူ့ကို ကျွန်မ မမြင်ရတော့ပါဘူး။ သေ ချာတာက သူ တစ်ခန်းဝင်တစ်ခန်းထွက် ရှာနေ တော့မှာပါ။ သူဟာ တိုက်ခိုက်သတ်ပုတ်မှု ပညာ ရပ်တစ်ရပ်ကို လေ့ကျင့်ထားတာမို့ သူ့ကိုယ်သူ အရမ်းယုံကြည်ပါတယ်။ ကျွန်မကတော့ လူသတ် သမားက သူ့ကို အလစ်အငိုက် တိုက်ခိုက်သွားမှာ ကို စိုးရိမ်နေခဲ့ပါတယ်။ ရင်တထိတ်ထိတ်နဲ့ စောင့် ဆိုင်းနေခဲ့ပေမယ့် သူ့ဆီက ဘာအသံမှ ထွက်မလာ ခဲ့ပါဘူး။ ကျွန်မ စိုးရိမ်နေတာက သမီးလေးနဲ့ သူ ဘ၀တူ ဖြစ်သွားမလားလို့ပါ။ ဒါဆိုရင်တော့ ကျွန်မ လည်း လောကထဲ ဆက်မနေတော့ဘဲ အဲဒီလူသတ် သမားကို သူသေကိုယ်သေ အသေရင်ဆိုင်တော့ မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလိုဆုံးဖြတ်လိုက်ချိန်မှာပဲ ကျွန်မယောက်ျား ဟာ မြင်ကွင်းထဲ ပြန်ပေါ်လာပါတယ်။ ဧည့်ခန်းထဲ ပြန်ရောက်လာတာပါ။ သူဟာ ဘာတိုက်ခိုက်မှုမှ လုပ်ခဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် ခြေပစ်လက်ပစ်နဲ့ အရမ်းကို စိတ်ဓာတ်ကျနေပုံပေါ်ပါတယ်။ သမီးလေး ရဲ့အလောင်းနားမှာရပ်ပြီး ကျွန်မရှိနေတဲ့ဧည့်ခန်း တံခါးဝကို လှမ်းကြည့်ပါတယ်။ ပြီးတော့ ကျွန်မကို လှမ်းခေါ်ပါတယ်။
“၀င်လာခဲ့တော့ ဟန်နီရယ်၊ အိမ်ထဲမှာ ဘယ် သူမှမရှိဘူး …”
ကျွန်မကို ခေါ်ပြီးတာနဲ့ သူဟာ သမီးလေးရဲ့ အလောင်းဘေးမှာ ထိုင်ချပြီး တရှုတ်ရှုတ်နဲ့ ငိုနေ ပါတော့တယ်။ ကျွန်မ သိလိုက်ပါပြီ။ သူက လူသတ် သမား ရှာမတွေ့တာနဲ့ စိတ်လျှော့ချလိုက်ပြီဆိုတာ ကို။ ဒီတော့ ကျွန်မက စိတ်ကို ပြန်တင်းရတော့မှာ ပေါ့။
ကျွန်မက ငိုနေတဲ့ခင်ပွန်းဖြစ်သူကို ဆွဲထူပြီး “ကိုယ် ရဲစခန်းကို ဖုန်းဆက်ပါ၊ အမြန်ဆုံး ဆက် ပါ၊ ပြီးမှ ဆက်ငိုချင် ငိုပါ” လို့ ပြောလိုက်တယ်။ သူ သတိပြန်ဝင်သွားပြီး ဧည့်ခန်းထောင့်က တယ် လီဖုန်းရှိရာကို ထွက်သွားပါတယ်။
ကျွန်မဟာ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့သမီးလေး ရဲ့အလောင်းနားမှာ မချိတင်ကဲ ရပ်နေရင်းက ဧည့် ခန်းဆောင်စားပွဲပေါ်မှာ သမီးလေးရဲ့ ‘လက်ပ်တော့’ က ပွင့်လျက်သားရှိနေတာကို မျက်စိထောင့်စွန်းက နေ လှမ်းမြင်လိုက်ရပါတယ်။ ကြည့်ရတာ သမီးလေး က ‘လက်ပ်တော့’ ကို သူ့အိပ်ခန်းထဲမှာမသုံးဘဲ ကျွန်မတို့ပြန်အလာကို မျှော်ရင်း ဧည့်ခန်းထဲမှာ ထိုင် သုံးနေခဲ့တာကိုး။ ကျွန်မဟာ ဧည့်ခန်းဆောင်စားပွဲ ရှိရာကို သွားပြီး ‘လက်ပ်တော့’ ကို ကြည့်လိုက် ပါတယ်။ ‘လက်ပ်တော့’ မှာ သမီးလေးရဲ့ ‘ဖေ့စ်ဘွတ်’ စာမျက်နှာက ပွင့်လျက်သားပါ။ ပြီးတော့ သူငယ်ချင်းတစ်ဦးတစ်ယောက်နဲ့ အပြန်အလှန် စကားပြောထားကြတဲ့ ‘ချက်’ အကွက်ကလည်းပွင့် လို့။
ကျွန်မဟာ သူတို့နှစ်ယောက်ပြောခဲ့ကြတဲ့စာ ကြောင်းတွေကို ပြန်ဖတ်ကြည့်လိုက်ပါတယ်။ သမီး လေးရဲ့နာမည်က ‘ဆူဇန်၁၃’၊ တစ်ဖက်က ကောင် လေးရဲ့နာမည်က ‘ချစ်လူငယ်၆၉’ တဲ့။ သူတို့နှစ် ယောက်က အောက်ပါအတိုင်း စကားပြောခဲ့ကြပါ တယ်။ ကြည့်ရတာ ဒီနေ့မှ စဖြစ်တဲ့သူငယ်ချင်း တွေနဲ့ တူပါတယ်။
ချစ်လူငယ်၆၉ ။  ။ အိုး-မင်းဓာတ်ပုံ ကြည့်လိုက်တာ အတော်လှတာပဲ။
ဆူဇန်၁၃ ။       ။ တကယ်လား၊ မင်း အဲဒီလို ထင်သလား။
ချစ်လူငယ်၆၉ ။  ။ မင်းက လှပတဲ့ဆံပင်တွေ ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ ကျေးဇူးတင်ပါတယ်။
ချစ်လူငယ်၆၉ ။  ။ မင်းက မျက်လုံးလှလှ တစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ ဒါတော့ အားလုံးက ပြောကြပါတယ်။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ မင်းက နှာခေါင်းလှလှလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ ဟုတ်လား၊ ဒါဆို မဆိုးဘူးပေါ့။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ မင်းက လည်တိုင်လှလှလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ အိုကေ၊ ကျွန်မလည်း အဲဒီလိုပဲ ထင်နေတာ။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ မင်းက လှပတဲ့ကိုယ်လုံးလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ အာ- အင်း- ဒါကတော့။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ မင်းက လှပတဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားသေးတယ်။
ဆူဇန်၁၃ ။       ။ ဖြစ်နိုင်ပါတယ်။
ချစ်လူငယ်၆၉ ။  ။ မင်းရဲ့ခန္ဓာကိုယ်အတွင်းက ကလီစာတွေအားလုံးဟာ လှပနေလိမ့်မယ်ဆိုတာ ငါ လောင်းရဲတယ်။
ဆူဇန်၁၃ ။       ။ ဘယ်လိုပြောလိုက်တယ်၊ ကလီစာတွေဟုတ်လား၊ ကလီစာတွေက ဘယ်လိုလုပ် လှမှာလဲ၊ နင် ပေါက်ကရတွေ မပြောနဲ့နော်။
ချစ်လူငယ်၆၉ ။  ။ ငါ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကလီစာတွေကို ကြည့်ချင်တယ်ဟာ။
ဆူဇန်၁၃ ။       ။ နင် အရူးပဲ၊ တော်ပြီဟာ၊ ဂွတ်ဒ်ဘိုင်။
ချစ်လူငယ်၆၉ ။  ။ ငါ မင်းရဲ့ရင်ကိုခွဲပြီး မင်း ရဲ့ကလီစာတွေကို ကြည့်ချင်တယ်ဟာ။
ဆူဇန်၁၃ ။       ။ တော်ပါတော့၊ တော်ပါ တော့၊ ဆက်မပြောပါနဲ့တော့။
ချစ်လူငယ်၆၉ ။  ။ ငါ မင်းရဲ့ကလီစာတွေကို လက်နဲ့ ကိုင်ကြည့်ချင်လိုက်တာ။
-ဆူဇန်၁၃ ။      ။ နင် ငါ့ကို ကြောက်စရာတွေ ပြောမနေနဲ့နော်။
ချစ်လူငယ်၆၉။  ။ ငါကလေ၊ မင်းရဲ့ရင်ကို ခွဲ ပြီးသွားတာတောင်မှ အထဲက မင်းရဲ့ကလီစာတွေ ကို တစ်ခုပြီးတစ်ခု နူးနူးညံ့ညံ့ ဆွဲထုတ်ပေးမှာပါ။
ဆူဇန်၁၃။                 ။ နင် အဲဒီလို ပေါက်ကရတွေ ဆက်ပြောနေရင် ငါ ရဲတိုင်လိုက်မှာနော်။
ချစ်လူငယ်၆၉။  ။ ‘ဖေ့စ်ဘွတ်’ မှာ စကား ပြောနေတာ ရဲက ဘယ်လိုလုပ်အရေးယူနိုင်မှာမို့ လို့လဲ၊ မင်းဟာ ရယ်စရာ အတော်ပြောတတ်တာပဲ၊ ငါ ပြောပြမယ်၊ မင်းရဲ့ ခန္ဓာကိုယ်ထဲက ကလီစာ တွေကို ရင်ခွဲပြီး ထုတ်ပြီးရင် အဲဒီကလီစာတစ်ခု ချင်းကို ငါက ယုယုယယ နမ်းရှုတ်ပေးမှာပါ။
ဆူဇန်၁၃ ။       ။ တော်တော့။
ချစ်လူငယ်၆၉ ။  ။ မင်းရဲ့ အူတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပွတ်သပ်ပေးမယ်လို့ ငါ အာမခံ ပါတယ်။
ဆူဇန်၁၃ ။       ။ နင် ရူးနေလား။
ချစ်လူငယ်၆၉ ။  ။ ပြီးတော့ ငါက မင်းရဲ့ ကလီ စာတွေနဲ့ နာရီတချို့ ဆော့ကစားနေဦးမှာ။
ဆူဇန်၁၃ ။       ။ ငါ နင့်ကို ‘ဖေ့စ်ဘွတ်’ သူ ငယ်ချင်းစာရင်းကနေ ထုတ်ပစ်လိုက်တော့မယ်။
ချစ်လူငယ်၆၉ ။  ။ ဆူဇန်
ချစ်လူငယ်၆၉ ။  ။ ဆူဇန်
ချစ်လူငယ်၆၉ ။  ။ ဆူဇန်
ချစ်လူငယ်၆၉ ။  ။ ဆူဇန်
ဆူဇန်၁၃ ။       ။ နင် ဘာပြောချင်သေးလို့လဲ။
ချစ်လူငယ်၆၉ ။  ။ မင်းရဲ့ သွေးတွေနဲ့ ငါ ရေ ချိုးချင်တယ်လို့ပြောချင်တာ။
ဆူဇန်၁၃ ။       ။ နင်ဟာ အရူးပဲ၊ တကယ့် အရူးအစစ်ပဲ။
ချစ်လူငယ်၆၉ ။  ။ အဲဒီအရူးက မင်းကို မြင်နေ နိုင်တယ် ဆူဇီ။
ဆူဇန်၁၃ ။       ။ ဘယ်လိုလုပ်မြင်မှာလဲ၊ ငါ့ ဆီမှာ Web Cam မှ မရှိတာ။
ချစ်လူငယ်၆၉ ။  ။ အဲဒါတွေ မလိုဘူး၊ ငါက မင်းကို မြင်ကိုမြင်နေရတာ။
ဆူဇန်၁၃ ။       ။ ကောင်းပြီ၊ နင် ငါ့ကို မြင် နေရတယ်ဆိုရင် ငါ ဘယ်မှာလဲဆိုတာလဲဆိုတာ ပြောကြည့်။
ချစ်လူငယ်၆၉ ။  ။ မင်းရဲ့ အိမ်ထဲမှာလေ။
ဆူဇန်၁၃ ။       ။ ဒါတော့ နင် ပြောမှလား၊ ငါက အိမ်ထဲမှာမနေလို့ ဘယ်မှာ သွားနေရမှာလဲ၊ သေချာအောင်ပြောလေ။
ချစ်လူငယ်၆၉ ။  ။ မင်းက မင်းရဲ့အိမ်ထဲက ဧည့်ခန်းထဲမှာ ဆိုဖာပေါ်ထိုင်နေပြီး ဧည့်ခန်းဆောင် စားပွဲမှာ ‘လက်ပ်တော့’ တင်ထားရင်း ငါနဲ့ စကား ပြောဖို့ ‘ဖေ့စ်ဘွတ်’ သုံးနေတယ်လေ။
ဆူဇန်၁၃ ။       ။ ဘုရားရေ၊ အဲဒါကတော့ ကွက်တိပဲ၊ နင် ဘယ်လိုသိနေတာလဲ။ ငါ နင့်ကို ကြောက်သွားပြီဟာ၊ တော်ပါတော့၊ နောက်မှ တွေ့ ကြမယ်နော်။
ချစ်လူငယ်၆၉ ။  ။ မရပ်လိုက်နဲ့ဦး ဆူဇန်
ချစ်လူငယ်၆၉ ။  ။ မရပ်လိုက်နဲ့ဦး ဆူဇန်
ချစ်လူငယ်၆၉ ။  ။ မရပ်လိုက်နဲ့ဦး ဆူဇန်
ချစ်လူငယ်၆၉ ။  ။ မရပ်လိုက်နဲ့ဦး ဆူဇန်
ဆူဇန်၁၃ ။       ။ ရပ်လိုက်ပါရစေတော့၊ ငါ နင့်ကို အရမ်းကို ကြောက်နေပါပြီ။
ချစ်လူငယ်၆၉ ။  ။ ဆူဇန်- ငါ့ကို တကယ် ရပ်ခိုင်းစေချင်တယ်ဆိုရင် ‘နင် ဘယ်မှာလဲ’ ဆိုတဲ့ မေးခွန်းတစ်ခု မေးပေး။ အဲဒါဆို မင်းရဲ့ ‘ဖေ့စ်ဘွတ်’ သူငယ်ချင်းစာရင်းထဲကပါ ထွက်ပေးလိုက်မယ်။
ဆူဇန်၁၃ ။       ။ ကောင်းပါပြီ၊ ငါ မေးပေးပါ့မယ်၊ ‘နင် ဘယ်မှာလဲ’ ဟင်။
ချစ်လူငယ်၆၉ ။  ။ ငါက အခု နင်ထိုင်နေတဲ့ ဆိုဖာနောက်မှာပဲ ရှိနေတာ။
သမီးလေးနဲ့ သမီးလေးရဲ့သူငယ်ချင်း ချစ်လူ ငယ်၆၉တို့ရဲ့ အပြန်အလှန်စကားတွေကို ဖတ်ပြီး သွားတဲ့ကျွန်မအတွက် စဉ်းစားစရာတွေ အများကြီး ဖြစ်သွားခဲ့ပါတယ်။ သေချာတာက သမီးလေးကို သတ်၊ ကလီစာတွေကို ထုတ်ထားခဲ့သူဟာ ‘ဖေ့စ်ဘွတ်’ ထဲကသူငယ်ချင်း ‘ချစ်လူငယ်၆၉’ ဖြစ်ပါ တယ်။ ဒါပေမယ့် အဲဒီ ‘ချစ်လူငယ်၆၉’ ကို ဘယ်လို အရေးယူမှာလဲ။
သမီးလေးရဲ့ ‘ဖေ့စ်ဘွတ်’ စကားပြောမှတ်တမ်းကို ကျွန်မ ဖတ်ပြီးသွားတဲ့အချိန်မှာပဲ ယောက်ျား ဖြစ်သူ ဖုန်းဆက်ခေါ်လိုက်တဲ့ရဲတပ်ဖွဲ့ဝင်တွေ အိမ်ထဲ ရောက်လာကြပါတယ်။ တာဝန်အရ သမီးလေးရဲ့အလောင်းကို ဓာတ်ပုံရိုက်ခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာသဲလွန်စများ ရှာဖွေခြင်းတွေ လုပ်ခဲ့ကြပါ တယ်။ ကျွန်မ အပြည့်အစုံဖတ်ထားပြီးခဲ့တဲ့ သမီး လေးရဲ့ ‘ဖေ့စ်ဘွတ်’ စာမျက်နှာပေါ်က အပြန်အလှန် စကားပြောမှတ်တမ်းတွေကိုလည်း ပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ရရှိထားသမျှအချက်အလက်တွေ နဲ့ တရားခံဖော်ထုတ်နိုင်ရေး ကြိုးစားခဲ့ကြပါတယ်။ ယနေ့အထိ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။
ဒါဆိုရင် သမီးလေးက သရဲတစ္ဆေတွေက သတ် ဖြတ်တာကို ခံခဲ့ရတာလား။ ကျွန်မ စဉ်းစားမရတာက သမီးလေးကို သတ်ခဲ့တဲ့သရဲတစ္ဆေတစ်ယောက် ယောက်က အဲဒီလောက်တောင် ခေတ်မီနေလို့လား။ ‘ဖေ့စ်ဘွတ်’ သုံးနိုင်နေလို့လား။ ဘာပဲဖြစ်ဖြစ် ‘ဖေ့စ်ဘွတ်’ သုံးစွဲနေတဲ့ကလေးတွေ သတိထားနိုင်အောင် ကျွန်မရဲ့ ဒီအဖြစ်အပျက်ကို တင်ပြသင့်တယ်ထင်လို့ တင်ပြလိုက်တာဖြစ်ပါတယ်။
ခွန်လှိုင်း ရှာဖွေတင်ဆက်သည်။
Source : Internet
Credit - manawmayajournal
Open Source URL
http://manawmayajournal.com/facebook-သုံးတဲ့-သရဲ-ခွန်လှိုင်း/
Sunday, January 29, 2017
နိုင်ငံတော် ဝမ်းနည်းမှု
Photo - မိုးမခ
သူ့ အသား မည်းတယ်
သူ့ စကား ဝဲတယ်။
အသားမည်းလည်း အသည်းဖြူ
စကားဝဲလည်း စကားမဝေ့သူ။
သူဟာ
ဥပဒေဘက်တော်သားကြီး
ပြည်သူ့ ဘက်တော်သားကြီးပါ။
“ဦးကိုနီ”
ကျည်ဆံနဲ့ အဓမ္မကျင့်ခံလိုက်ရပြီလား
ဥပဒေဖက်လို့ 
ဥပဒေမဲ့ခံလိုက်ရသတဲ့လား။
လူမျိုး ဘာသာဆိုတာ
ပညက်ချက် ယုံကြည်ချက်
ဝေါဟာရ သတ်မှတ်မှုသာ။
အသားအရောင် ဘယ်လိုကွဲကွဲ
ဖောက်ကြည့်လိုက်
သွေးနီရောင် တမျိုးတည်းပါ။
ကိုးကွယ်ရာ ဘယ်လိုကွဲကွဲ
နှလုံးလှဖို့  အဓိကပါ။
ကျုပ်တို့ ဗမာပြည်
အလွန်ရှုပ်တယ်
အလွန်နုပ်တယ်။
တကိုယ်ကောင်း များတယ်
မစ္ဆရိယ ပွားတယ်။
ဥပဒေတည့်မတ်ချင်လွန်းသူရဲ့
နောက်ဆုံးခရီး ကျည်တတောင့်နောက်ကွယ်မှာ
အာဏာပြုတ်တို့ ရဲ့ အညှိုးအတေး
မှောင်ခိုအရှုပ်တို့ ရဲ့ မူးယစ်ဆေး
ခရိုနီသရုပ်တို့ ရဲ့ ကျူးညစ်ထေး
ဒါတွေ ရှိခဲ့လေသလား
သံသယ ဝင်စရာ။
ဘာသာရေး လူမျိုးရေး
ရှုပ်အောင်လုပ်ဖို့ 
နိုင်ငံရေးအကောက်ကြံဖို့ 
ဘာသာခြားရှေ့ နေကြီးကို
လုပ်ကြံ စတေးရစ်ကြသလား
တွေးချင့်စရာ။
ဒီလိုသာ တကယ်ဖြစ်ရင်
ဦးကိုနီ ဆုံးပါးခန်းဟာ
နောင် ရှုပ်ထွေးလာမယ့်
နိုင်ငံတော် အကျပ်အတည်း မီးစ။
ပြည်သူ့ ဘက်တော် ဥပဒေသမားကြီး
ဥပဒေမဲ့ လုပ်ကြံခံရခြင်းဟာ
နိုင်ငံတော် ဝမ်းနည်းမှု
ဗမာပြည် ပူဆွေးမှုပါဗျာ။
“ကောင်းရာဘုံဘဝ လားပါစေ ဦးကိုနီ
အာမင်.,.”
ကျော်ဟုန်း
၂၀၁၇၀၁၂၉
(မိုးမခ မဂ္ဂဇင်း) ဇန်နဝါရီ ၂၉၊ ၂၀၁၇
Open Source URL
Wednesday, January 25, 2017
ထွက်​​ပေါက်
ပူပင်သောကတွေကို
သက်ပြင်းနဲ့အတူ မှုတ်ထုတ်လိုက်ပေမဲ့
လျော့ကျမသွားတဲ့ရင်ဘတ်က
ကျောက်တုန်းနဲ့ ဖိနင်းထားသလို
လေးလံလွန်းလှ
အသွင်မတူ အိမ်သူမဖြစ်တဲ့
အိမ်သူဖြစ်ပေမဲ့
အသွင်တူတာကော
သေချာလို့လား…
အချစ်နဲ့စစ်ဟာ အတူတူပဲ
အိမ်ထောင်ဟာ တစ်သက်စာ
လွတ်ရက်မရှိတဲ့ အကျဉ်းထောင်
ထွက်ပေါက်မရှိ ဂယ်ပေါက်မရှိ
ကယ်သူမရှိ လူသူမရှိ
ကြမ်းတမ်းတဲ့လမ်းဆိုတာ
တကူးတကမဟုတ်ဘူး
ဘဝခရီးလမ်းပဲ…
အလိုကျရင်ပျော်တယ်
အလိုမကျရင်ငိုတယ်
ရမ္မက်နဲ့ကျတဲ့ အိမ်ထောင်
ထွက်ချေနဲ့ကျတဲ့ အိမ်ထောင်
မေတ္တာနဲ့ကျတဲ့ အိမ်ထောင်
ငါတော့…
ဘယ်အိမ်ထောင်မှသဘောမကျဘူး…
ဖြစ်နိုင်ရင်
ထောင်တွေအကုန်လုံးကိုရိုက်ချိုးပြီး
ထောင်ထဲက လူတွေအားလုံးကို
အတောင်ပံတစ်စုံဆီတပ်ပေးလိုက်ချင်တယ်
ငါကိုယ်တိုင် အတောင်ပံ
တစ်စုံတပ်ပြီး ထောင်တွေနဲ့ အဝေးဆုံး
ကမ္ဘာတစ်ခုဆီခုပဲ
လွတ်လွတ်လပ်လပ်ပျံသန်းသွားချင်ပါရဲ့….
ကသစ်ညို
July 8th, 2016 Yati ရသကဗျာ
Open Source URL
http://yatimagazine.com/archives/18747
Wednesday, January 18, 2017
ထမင်းနှင့်​ လဲစားခဲ့​သော ကမ္ဘာ​ကျော်​ပန်းချီကားကြီး
Photo - Google Image Search
       အီတာလျံပန်းချီဆရာကြီး ရက်​​ဖေယယ်​လ်​ (၁၄၈၃ - ၁၅၂၀)၏ La Madonna Della Sedia အမည်​ရှိ ကမ္ဘာ​ကျော်​ပန်းချီကားကြီးသည်​ ယခုအခါ တန်​ဖိုးမဖြတ်​နိုင်​​အောင်​ ရှိ​နေသည်​။ ​ဒေါ်လာသန်း​ပေါင်းများစွာ​ပေး၍ ဝယ်​ယူ​သော်​လည်း မရနိုင်​​ပေ။ မူလ ပန်းချီ​ရေးဆွဲသူ ပန်းချီဆရာ ရက်​​ဖေယယ်​လ်​မှာမူ ထိုပန်းချီကားကို ၂၅- ဆင့်​(မြန်​မာ​ငွေ ၂-ကျပ်​ခန့်​)တန်​ ထမင်းတစ်​နပ်​စာနှင့်​လဲ၍ စားခဲ့ရ​ပေသည်​။
       ထိုပန်းချီကားကို ​ရေးဆွဲချိန်​မှာ ည​နေဆည်းဆာချိန်​ဖြစ်​သည်​။ တစ်​​နေရာတွင်​ မိခင်​တစ်​ဦးသည်​ က​လေးငယ်​တစ်​ဦးကို ​ပေါင်​​ပေါ်တွင်​ချီထားလျက်​ ​တေး​ဆို​ချော့​နေသည်​။ သားကြီးကလည်း မိခင်​အနီးတွင်​ ရှိ​နေသည်​။ ထိုမြင်​ကွင်းကို ပန်းချီဆရာ ရက်​​ဖေယယ်​လ်​ မြင်​​တွေ့​သောအခါ ရင်​ထဲ၌ လှုပ်​ရှားသွားသည်​။ ပုံတူကူး၍ ပန်းချီ​ရေးဆွဲလိုစိတ်​များ တဖွားဖွား​ပေါ်လာသည်​။
       ထိုအချိန်​က သူ့ထံတွင်​ ပန်းချီဆွဲရန်​ ကင်းဗတ်​ပြား အသင့်​မရှိ။ အနီးတွင်​ ဝိုင်​အရက်​စည်​ဖုံး​သော သစ်​သားပြားဝိုင်းကြီးတစ်​ခုသာ ရှိသည်​။ သူသည်​ ထိုသစ်​သားပြားဝိုင်းကြီးကိုပင်​ ယူကာ ယင်းအ​ပေါ်မှာပင်​ မိခင်​နှင့်​ ရင်​​သွေးနှစ်​ဦးပုံကို ​ရေးဆွဲလိုက်​သည်​။ ထို့​နောက်​ ထမင်းဆိုင်​တွင်​ ထမင်းစားသည်​။ ထမင်းဖိုး ၂၅-ဆင့်​​ပေးရန်​ ပိုက်​ဆံမရှိ။ ထိုပန်းချီကားကိုပင်​ ​ပေးခဲ့​လေသည်​။
       ယခုအခါ ထိုပန်းချီကားကို အီတလီပြည်​၊ဖ​လော်​ရင့်​စ်​မြို့ရှိ ပန်းချီပြတိုက်​ကြီးတွင်​ ချိတ်​ဆွဲထားသည်​။ ကမ္ဘာ​ကျော်​ပန်းချီကားကြီး ဖြစ်​​နေကာ တန်​ဖိုးမဖြတ်​နိုင်​​အောင်​ ရှိ​နေ​ပေသည်​။
မင်း​စောထက်
အကိုး ။    ။ 
Ripley's Believe it or not.
---------------------------------------------------
ဝန်​ခံချက်
မြတ်​မင်္ဂလာ စာ​စောင်
အတွဲ - ၃၂၊ အမှတ်​ - ၄၊
၂၀၁၆ - ခုနှစ်​ ၊ ​အောက်​တိုဘာလ ထုတ်​မှ ပြန်​ကူးယူ(စာစီ/စာရိုက်​)၍ 
ဤ ဘ​လော့၌ တင်​ထားခြင်းဖြစ်​ပါသည်​။
ကိုစိုင်းငယ်​(​တောင်​ကြီး)
Tuesday, January 10, 2017
ကြက်သွန်နီအခွံတွေကို မလွှင့်ပစ်သင့်တဲ့အကြောင်းရင်း
www.7daydaily.com
အနံ့ပြင်းပေမယ့်လို့ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီးရှိတဲ့ ကြက်သွန်နီဟာ အခွံကလည်း ကျန်းမာရေးအတွက် ထောက်ကူ ပေးတယ်ဆိုရင် အံ့သြမိကြမှာပါ။ ဒါလေးဖတ်ပြီးရင်တော့ ဘာ ကြောင့် ကြက်သွန်ခွံတွေ လွှင့် မပစ်သင့်လဲဆိုတာ သိနိုင်မှာပါ။
- ကြက်သွန်ခွံထဲက အာဟာရ ဓာတ်တွေ အလဟဿမဖြစ်စေဖို့ အတွက် ဟင်းလျာတို့၊ စွပ်ပြုတ် တို့ချက်တဲ့အခါမှာ ကြက်သွန်ခွံ ထည့်ချက်ပြီး အာဟာရဓာတ်တွေ ရယူကာ ပြီးမှ အခွံတွေကို ဖယ် ထုတ်တာမျိုးလုပ်ပါ။
- ကြက်သွန်ခွံဟာ ခြေထောက် ကြွက်တက်တာတွေကိုလည်း သက်သာပျောက်ကင်းစေတာမို့ ကြက်သွန်ခွံကို ရေထဲမှာ မိနစ် ၂၀ လောက်စိမ်ထားပြီး အရည်စစ်ယူ ကာ ညမအိပ်ခင် တစ်ပတ် လောက် ပုံမှန်သောက်ပေးရင် ကြွက်တက်တာ ပျောက်ကင်းစေ ပါတယ်။
-သိုးမွေး (ဒါမှမဟုတ်) သိုးမွေး အဝတ်အထည်တွေအတွက် ဆိုးဆေးအဖြစ် ကြက်သွန်ခွံကို သုံးတယ်လို့ သိရပါတယ်။
- အမြစ်ပိုင်းမှာ ကြက်သွန်ခွံ အနည်းငယ် ချန်ထားပြီးမှ အဲဒီ အခွံကိုကိုင်ပြီး ကြက်သွန်လှီးရင် လက်ကို ဓားရှတာတွေ ကာကွယ် ပြီးသား ဖြစ်စေပါတယ်။
- ကြက်သွန်ခွံ ၅၀ ဂရမ်လောက် ကို ရေနွေးဆူဆူထဲမှာပြုတ်ပြီး ဖန်ခွက်တစ်ဝက်စာလောက် အထိရရင် အရည်စစ်ပြီး ဆံပင် ဆိုးဆေးအဖြစ်လည်း သုံးနိုင်ပါ တယ်။
- ကြက်သွန်နီဟာ ဆာလဖာ ကြွယ်ဝတဲ့အတွက်   ဆံပင်သား မကောင်းသူတွေဆိုရင် ကြက် သွန်ခွံပြုတ်ထားတဲ့ အရည်နဲ့ ဦး ရေပြား၊ ဆံပင်တို့ကို သုတ်လိမ်း ပေးရင် ဆံသားကောင်းစေတယ် လို့ဆိုပါတယ်။
- ကြက်သွန်ခွံကို အခြောက်ခံ အမှုန့်ကြိတ်ပြီး မုန့်လုပ်ရာမှာ ဂျုံမှုန့်နဲ့အတူရောပြီး သုံးတာမျိုး လုပ်နိုင်ပါတယ်။
- အရေပြားယားယံတာတွေ ဖြစ် ရင်လည်း ယားယံတဲ့နေရာကို ကြက်သွန်ခွံနဲ့ ညင်ညင်သာသာ ပွတ်ပြီး ဆပ်ပြာနုနဲ့ ဆေးကြော ရင် သက်သာစေပါတယ်။
ကြက်သွန်ခွံကို သုံးတဲ့နေရာ မှာ တစ်ခု သတိထားဖို့လိုတာက ကြက်သွန်ခွံမှာ ရောဂါပိုးမွှားတွေ ရှိနေနိုင်တဲ့အချက်ဖြစ်ပြီး အော်ဂဲနစ် ကြက်သွန်နီရဲ့ အခွံဆိုရင် ပိုသင့်တော်ပါတယ်။ ကိုယ်ဝန် ဆောင်တို့၊ နို့တိုက်မိခင်တို့ဆို ရင် အရေပြားယားယံတတ်တဲ့ အတွက် အထက်ဖော်ပြပါ နည်းလမ်းတွေကို မသုံးသင့်ဘူးလို့ သိရပါတယ်။
—Ref: stylecraze
Open Source URL
http://www.7daydaily.com/story/85518
Sunday, January 08, 2017
လရဲ့အ​ဝေးက လူ
အဝေးက "လ"
ဝေးလို့ လှတာလား
ငေးလို့ လှတာလား
ဝေးလို့ပဲ လှလှ
ငေးလို့ပဲ လှလှ
သေချာသည်က
ထို "လ"
ကျွန်တော် "တ"တိုင်း မရ။
ကိုစိုင်းငယ်(တောင်ကြီး)