Sunday, January 17, 2016

ညီမလေးအတွက် အတွေးလက်ဆောင်



ညီမလေးရေ...

နှစ်ကိုယ်တူ ကြည်ဖြူ

စိတ်တူကိုယ်တူ ဘဝအိမ်ကို 
တည်ဆောက်ကြတဲ့အခါ
နှစ်ယောက်စလုံး သစ္စာထားနိုင်မှ
ဘဝအိမ်က ပိုခိုင်တာ။

အဲဒီ အိမ်ဆောက်ပြီးတာနဲ့ မပြီးသေးဘူး

လောကဓံမြစ်ကြီးကို ဖြတ် 
ရှေ့ခရီးဆက်ဖို့ တံတားတစ်ခု
တည်ဆောက်ကြရဦးမယ်။

တံတားတည်ဆောက်တဲ့အခါ

သစ္စာတရားတစ်ခုထဲနဲ့ မလုံလောက်ပြန်ဘူး။

ချစ်ခြင်းမေတ္တာတရားတွေကပါ

ဝင်ပြီး ထောက်ကူမှ ရတယ်။

ညီမလေးရေ...

သစ္စာထားနိုင်လေ 
ဘဝအိမ်လေး ခိုင်လေ။

သစ္စာတရားရော မေတ္တာတရားပါ

ပေါင်းစည်း ထောက်ကူထားနိုင်လေ
ရှေ့ခရီးဆက်ရမယ့်
တံတားလေး ခိုင်လေပေါ့။

ဒါနဲ့ ပြီးပြီလား

မပြီးသေးဘူး ညီမလေးရ...။

နောက်ဆုံး

အချက်တစ်ချက်ကျန်သေးတယ်။

ဘာလဲဆိုတော့...

အတိတ်က သံသယတွေကို 
လက်ထဲဆုပ်ကိုင်ပြီး
အနာဂတ်ခရီးမှာ
အတူတူ ခေါ်မလာမိစေဖို့ပေါ့။

ညီမလေးရေ...

ကိုကြီး ရေးလိုက်တဲ့
အတွေးစာ ဒီလောက်ပါပဲကွာ။

ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတွေနဲ့

ဘဝကို အခိုင်အမာတည်ဆောက်...
သံသယမပါတဲ့
တစ်ယောက်လက်ကို တစ်ယောက်တွဲ...
အသက်ဆုံးထိ ခိုင်မြဲကြပါစေ။

ညီမလေးရဲ့ ကိုကြီး...


ကိုစိုင်းငယ်(တောင်ကြီး)
07.01.2015(10:20PM)